ကြေးနီစီမံကိန်းကြောင့် နစ်နာခဲ့ရသော ဒေသခံ ကိုယ်စားလှယ်များနှင့် စီမံကိန်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတို့ ပထမဦးဆုံး တွေ့ဆုံ

White Star | 木曜日, 10月 17, 2013 |



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာ သိမ်းဆည်းခံ၊ ရွာရွှေ့ပြောင်းခံခဲ့ရသူ ကျေးရွာ ၂၆ ရွာမှ ဒေသခံ ကိုယ်စားလှယ်များ အပါအ၀င် ကြေးစင်တောင်၊ စံပယ်တောင် စီမံကိန်းကြောင့် နစ်နာဆုံးရှုံးခဲ့ရသော ဒေသခံ ကိုယ်စားလှယ်များနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတို့ ပထမဦးဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၅ ရက်က ဆားလင်းကြီးမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အထည်လိပ် လုပ်ငန်းစက်ရုံတွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
တွေ့ဆုံညှိနှိုင်း ဆွေးနွေးရာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန(၆) ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် စသူတို့က ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားသော ကိစ္စများကို ဒေသခံ ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီအဖွဲ့ ခေါင်းဆောင် ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် သိမ်းဆည်း မြေယာစိစစ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုစီးပွားဆိုင်ရာ အကောင်အထည်ဖော်ရေး အပါအ၀င် သာသနိက အဆောက်အအုံများ ကိစ္စရပ်များကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
ကြေးနီစီမံကိန်းကြောင့် နစ်နာဆုံးရှုံး နေရသော ကျေးရွာ ၂၆ ရွာမှ ဒေသခံ တောင်သူကိုယ်စားလှယ်များက သိမ်းဆည်းမြေယာများကို လျော်ကြေးပေးရာတွင် လွန်စွာ နည်းပါးလွန်းသည့် ကိစ္စ၊ မြေယာ မရောင်းနိုင်ခြင်းကိစ္စ၊ မြန်မာ-၀မ်ပေါင်မှ ခြံစည်းရိုးများ ကာရံခြင်းအတွက် မြေယာလျော်ကြေး ထုတ်မယူသော ယာမြေများ ပါဝင်သွား၍ အဆိုပါ ယာမြေများကို ပြန်ပေးရန် ပြောကြားခဲ့ပြီး လက်ပံတောင်းတောင် ၀န်းကျင်တွင် ခြံစည်းရိုးများ ဆက်လက် ကာရံခြင်း မပြုရန်၊ ဒေသဆိုင်ရာ အာဏာပိုင်များက ခန့်ထားသော ပတ်ဝန်းကျင် ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဖော်ဆောင်ရေး အဖွဲ့ဝင်များသည် ဒေသကို ကိုယ်စားပြု ရွေးချယ် တင်မြှောက်ထားခြင်း မဟုတ်သလို ရွာသူ၊ ရွာသားများကို နည်းအမျိုးမျိုးနှင့် ခြိမ်းခြောက်သည့် ကိစ္စအပါအ၀င် အခြား နစ်နာဆုံးရှုံးမှုများအား တင်ပြဆွေးနွေးခဲ့ရာ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ဒေသခံများ၏ ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူများက ဆွေးနွေးပြီး အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနိုင်ရန် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ