အကာအကွယ် မဲ့သူများအတွက် အကြံပြုချက် အချို့

White Star | 火曜日, 10月 15, 2013 |


A-16-10
ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေပေါ်တွင် မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမားများကို တွေ့ရစဉ် (Photo:AFP)
လူကုန်ကူးမှုသည် ကမ္ဘာပေါ်တွင် အလွန်အရေးကြီးသည့် ပြစ်မှုများထဲမှ အမှုတစ်ခု ဖြစ်သည်။ ထို့အပြင် ယခုခေတ် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အရှုပ်ထွေးဆုံးသော စိန်ခေါ်မှုထဲမှ တစ်ခုလည်း ဖြစ်သည်။
မည်ရွေ့မည်မျှ လူကုန်ကူး ခံနေရသည်ကို မရေတွက်နိုင်အောင် ခက်ခဲသော်လည်း နှစ်စဉ်နိုင်ငံတကာ နယ်စပ်ဖြတ်ကျော်ကာ လူကုန်ကူး ခံနေရသူနှင့် သက်ဆိုင်ရာ နိုင်ငံများအလိုက် နိုင်ငံတွင်း လူကုန်ကူးခံရမှုများ အပါအ၀င် တစ်နှစ်လျှင် ရှစ်သိန်းထက်မကများစွာ လူကုန်ကူး ခံနေကြရသည်ဟု ကျွမ်းကျင်သူများက ထုတ်ဖော်ပြောဆို ထားကြသည်။
လူကုန်ကူးမှု ပြဿနာသည် သာမန်မှုခင်းများနှင့် မတူဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝ ဘေးအန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မှု စသည်တို့နှင့် ချိတ်ဆက်ပြီး ရှုပ်ထွေးလှသည့် ပြဿနာ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများသည် ကြိုးပမ်းအားထုတ် တားဆီးကာကွယ် ကြသော်လည်း ဆက်လက်၍ ပျံ့နှံ့ကြီးထွားနေဆဲ ဖြစ်သည်ကိုလည်း နိုင်ငံတကာက အသိအမှတ် ပြုကြသည်။
မူရင်း နိုင်ငံများတွင် လူကုန်ကူးမှု ဖြစ်ရသည့် အကြောင်းရင်းများမှာ များသောအားဖြင့် ဆင်းရဲမှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် အခွင့်အလမ်းများ ကင်းမဲ့နေမှုများတို့ကြောင့် ဖြစ်ရသည်။ ထိုအချက်များက အခြားနိုင်ငံများတွင် သွားရောက်ရှာဖွေရန် တွန်းအားများ ဖြစ်နေသည်။ ထို့ကြောင့် အခြားနိုင်ငံများတွင် လိမ်လည်ဖြားယောင်းကာ အလုပ်ရမည်ဟု ဆွဲဆောင်စည်းရုံးကြသည့် လူကုန်ကူးသူများ၏ သားကောင်အဖြစ် အလွယ်တကူ ကျရောက်ရတော့သည်။ နိုင်ငံရေး ပဋိပက္ခ ဖြစ်မှုနှင့် လူသားချင်းဆိုင်ရာ ပဋိပက္ခများက လူများကို အိမ်ပစ်ရာပစ် ပြေးစေခဲ့ရသည်။ သို့ကြောင့်လည်း ထိုအုပ်စုသည် ဘ၀ရပ်တည်ရန် အခက်အခဲဆုံးအုပ်စု ဖြစ်ခဲ့ရာ ကလေးများနှင့် အမျိုးသမီးများက ပို၍ထိလွယ် ခိုက်လွယ်သည့် အုပ်စုဖြစ်လာခဲ့သည်။
ဆိုက်ရောက်သည့် နိုင်ငံများတွင် လူကုန်ကူးမှု ဖြစ်ရသည့် အကြောင်းရင်းတွင် အရေးကြီးဆုံးသော အချက်တစ်ချက်သည် ဈေးသက်သာသည့် အလုပ်သမား လိုအပ်မှု တောင်းဆိုမှုပင် ဖြစ်သည်။
မဟာချိုင် နေရာတော်တော်များတွင် နိုင်ငံကူးလက်မှတ် ရှိသော်လည်း မလုံခြုံသဖြင့် မြန်မာအလုပ်သမား အများစုသည် ထိုင်းရဲတပ်ဖွဲ့ကတ်ဟုခေါ်သော လစဉ်ထိုင်းဘတ်ငွေ ၅၀၀ စီ ပေးရသည့် ကတ်တစ်ခုကို ပြုလုပ်ကိုင်ဆောင် ထားကြရသည်။ ထိုသို့သော လုပ်ရပ်များကို အကာအကွယ် ပေးနိုင်ပါက မဟာချိုင် ဒေသတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ရှစ်သိန်းခန့်အတွက် လုံခြုံမှု ပေးနိုင်မည်ဖြစ်သည် . . . . .
ထိုဈေးပေါသည့် အလုပ်သမားများက ထိုနိုင်ငံ၏ လုပ်ငန်းများကို အကျိုးအမြတ် ဖြစ်ထွန်းစေသည်။ ထိုတောင်းဆိုမှုများသည် တရားမ၀င် ရွှေ့ပြောင်းအလုပ်လုပ်လို သူများအတွက်ရော လူမှောင်ခိုလုပ်ငန်းနှင့် လူကုန်ကူးမှု လုပ်ငန်းများ အတွက်ပါ အားပေးအားမြှောက် ပေးသလို ဖြစ်နေစေသည်။ ပြည်ပနိုင်ငံမှ အမျိုးသမီးများကို ထိုဆိုက်ရောက်နိုင်ငံများ၏ လိင်လုပ်ငန်းများသို့ လိုအပ်ချက် ပြည့်မီရန် အမျိုးသမီးများနှင့် အရွယ်မရောက် သေးသူများကို လူသုံးကုန် ပစ္စည်းများကဲ့သို့ အကျပ်ကိုင် လုပ်ခိုင်းခြင်း၊ ပို့ဆောင်ပေးခြင်းနှင့် အဓမ္မ ခိုင်းစေခြင်းများ ရှိနေသည်။ ထိုနိုင်ငံများ၏ တင်းကျပ်သော လူဝင်မှု ကြီးကြပ်ရေး မူဝါဒများက လူကုန်ကူးသူနှင့် လူမှောင်ခို ကူးသူများ၏ တရားမ၀င် လမ်းကြောင်းမှ ရွှေ့ပြောင်းအလုပ်သမား တင်သွင်းရေးကို အားကိုးအားထားပြုရန် တွန်းအားတစ်ရပ် ဖြစ်နေသည်။
လူကုန်ကူးမှု ပြဿနာ ကိုင်တွယ်ဖြေရှင်းရာတွင် မူရင်းနိုင်ငံ (Source Country) များကိုသာ အပြစ်တင်နေ ခဲ့ကြသော်လည်း ယခုအခါ ဆိုက်ရောက်နိုင်ငံ (Destination Country) များကပါ နိုင်ငံတကာက အသိအမှတ် ပြုလာသဖြင့် မူရင်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံ နှစ်ဖက်စလုံးတွင် ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရန် လိုအပ်သည်။
ထိုင်းနိုင်ငံသို့ ရောက်လာကြသူ ရွှေ့ပြောင်းအလုပ်သမားများသည် နေ့ပေါင်းများစွာ တောလမ်းမှ ခြေကျင်လာကြသူများ၊ မြစ်ချောင်းများကို လှေဖြင့်ရက်ရှည် လာရောက်ကြရသူများ ဖြစ်ကြသည်။ လူပွဲစားများနှင့် သဘောတူညီမှုယူကာ လုပ်ငန်းခွင်ရောက်မှ လုပ်ခကို ပွဲစားခအဖြစ် ဖြတ်တောက်ပေးဆပ် ကြရတော့သည်။ မည်သို့သောအလုပ် လုပ်ကြရမည်ကို များသောအားဖြင့် မသိရှိကြ။ ပွဲစားပြောသည့် သတင်းအမှားများကိုယုံကာ ထိုင်းနိုင်ငံသို့ လိုက်လာကြရင်းက အခြားစက်ရုံ အလုပ်ရုံများသို့ ရောင်းစားခံကြရသည်။ ပွဲစားခကို ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခြင်းဖြင့် လူကုန်ကူး ခံကြရသည်။
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးသူတို့သည် ထိုင်းလူမျိုးရော၊ အခြားပြည်ပ နိုင်ငံခြားသားများပါ ပါဝင်သည်။ ၎င်းတို့သည် စနစ်တကျ စီမံဆောင်ရွက်လေ့ ရှိကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချိတ်အဆက်မိမိ ဆောင်ရွက်ကြသည်။ နယ်စပ်တွင် လူပွဲစားများကို အသုံးပြုပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများကို ပြုလုပ်လေ့ ရှိသည်။ သို့သော် လူကုန်ကူးမှုဖြစ်စဉ် အများစုသည် ဒေသခံ ခင်မင်ရင်းနှီးသူများ၊ မိသားစုဝင်များနှင့် ယခင်က လူကုန်ကူးခြင်း ခံရသူများတို့၏ စည်းရုံးမှု ကွန်ရက်များကြောင့် ဖြစ်ပွားမှုက ပိုများသည်။ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင် လိုကြသူများမှ လူကုန်ကူးမှုဖြစ်စဉ် အဖြစ်များခြင်းမှာ လူကုန်ကူးသူများသည် လူကုန်ကူး ခံရနိုင်ဖွယ် ဖြစ်သူများကို ၎င်းတို့ပစ်မှတ်အဖြစ် သတ်မှတ်ရန် သိရှိနေသောကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ လူကုန်ကူးမှု မခံရစေရန်နှင့် ၎င်းတို့၏ အခွင့်အရေးများ ရရှိစေရန် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ၂၀၀၃ ခုနှစ် ကတည်းက လက်မှတ်ရေးထိုး အကောင်အထည် ဖော်ခဲ့ကြသည်။ နိုင်ငံသား စိစစ်မှုလုပ်ငန်း လုပ်ဆောင်ပေးခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးခြင်း လုပ်ဆောင်ပေးခဲ့ ကြသည်။
သို့သော် ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ ငွေညစ်မှု၊ မတရား ဖမ်းဆီးမှုနှင့် အနိုင်ကျင့်မှုများ ခံနေကြရဆဲ ဖြစ်သည်။ ထင်ရှားစွာ သာဓက ပြရလျှင် မဟာချိုင် လေးထပ်ရဲစခန်းသည် မဟာချိုင် နယ်မြေအတွင်းရှိ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသော မြန်မာအလုပ်သမားများအား ဖမ်းဆီးငွေညှစ်ခြင်း ပြုလုပ်နေသည်မှာ နှစ်နှင့်ချီနေပြီ ဖြစ်သည်။ အလုပ်သမားများ၏ စရိတ်စက ရေးမှတ်ထားသော စာရင်းစာအုပ်ကို ချဲထီလောင်းကစား လုပ်သည်ဟုဆိုကာ ငွေညှစ်မှုများ ပြုလုပ်လျက် ရှိနေကြသည်။ မဟာချိုင် နေရာတော်တော်များတွင် နိုင်ငံကူးလက်မှတ် ရှိသော်လည်း မလုံခြုံသဖြင့် မြန်မာအလုပ်သမား အများစုသည် ထိုင်းရဲတပ်ဖွဲ့ကတ်ဟုခေါ်သော လစဉ်ထိုင်းဘတ်ငွေ ၅၀၀ စီ ပေးရသည့် ကတ်တစ်ခုကို ပြုလုပ်ကိုင်ဆောင် ထားကြရသည်။ ထိုသို့သော လုပ်ရပ်များကို အကာအကွယ် ပေးနိုင်ပါက မဟာချိုင် ဒေသတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ရှစ်သိန်းခန့်အတွက် လုံခြုံမှု ပေးနိုင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံဘက်မှ အောက်တိုဘာ ၂ ရက် ကြေညာချက်တွင် ပတ်စ်ပို့သက်တမ်း တိုးခြင်းနှင့် အသစ်ထုတ်ပေးခြင်းကို နယ်စပ်လေးနေရာတွင်သာ ထုတ်ပေးရန် ကြေညာခဲ့သည့်အတွက် လေးနှစ်သက်တမ်း ပြည်ဝင်ခွင့် ဗီဇာကုန်နေသော မြန်မာအလုပ်သမားများအတွက် အရေးတကြီး ဆောင်ရွက်ပေးရန် ရွှေ့ပြောင်းအလုပ်သမားများကို လေ့လာနေသူများ၏ အကြံပြုချက် အချို့မှာ ပတ်စ်ပို့သက်တမ်းတိုးခြင်း၊ နိုင်ငံသားစိစစ်မှု လုပ်ခြင်း၊ ကလေးငယ်များအတွက် အထောက်အထားများ ထုတ်ပေးခြင်းနှင့် ပတ်စ်ပို့ပျောက်ဆုံး နေသူများအတွက် အသစ်ထုတ်ပေးခြင်းတို့ကို ထိုင်းနိုင်ငံအတွင်း ခြောက်နေရာတွင် အရေးတကြီး ဖွင့်လှစ်ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ မြန်မာနယ်စပ်သို့ ပြန်စရာ မလိုဘဲ ငွေကုန်ကြေးကျ သက်သာစေရန် အတွက်ဖြစ်ကြောင်း၊ Samut Prakarn, Samut Sakhon, Kanchanaburi, Bangkok, Chiangmai, Surat Thani တို့တွင်သာ ဖွင့်လှစ်ပေးပါက လုံလောက်မှု ရှိကြောင်း၊ Songkhla, Pathum Thani, Rayong, Khon Kaen တို့တွင် ဖွင့်လှစ်စရာ မလိုပါကြောင်း၊ တာချီလိတ်၊ မြ၀တီနှင့် ကော့သောင်း ရနောင်းတို့တွင် ဆက်လက်ဖွင့်လှစ် ပေးထားရန် လိုကြောင်း ထောက်ပြကြသည်။
ထို့အပြင် နှစ်နိုင်ငံ အစိုးရသည် ထင်သာမြင်သာရှိသော အချိန်ကာလ သတ်မှတ်ချက် တစ်ခု၊ ပတ်စ်ပို့ ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးသည့် အဆင့်တိုင်းတွင် ကုန်ကျစရိတ်ကို တိတိကျကျ အသိပေးထားခြင်း၊ အပိုကြေးငွေ ပေးရမှုများ လျှော့ချပေးခြင်းတို့ လုပ်ဆောင်ပေးသင့်ကြောင်း၊ ပွဲစားများနှင့် အလုပ်ရှင်များ၊ သက်ဆိုင်ရာ ၀န်ထမ်းများတို့ လုပ်ဆောင်ပေးမှ ထိုလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်မှုများကို ဖျက်သိမ်းပေးသင့်ကြောင်း၊ အာဏာအလွဲသုံးစား ပြုလုပ်မှု၊ အကျင့်ပျက် ခြစားမှုနှင့် အနိုင်အထက် ပြုကျင့်မှုများ ပပျောက်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း စသည့်အကြံပြုချက်များ တင်ပြကြသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား သံအရာရှိ ထားသကဲ့သို့ ရဲတပ်ဖွဲ့ဝင် သံအရာရှိအဖြစ် ခန့်အပ်ကာ ရွှေ့ပြောင်းအလုပ်သမားများ၏ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံ ရဲတပ်ဖွဲ့အချင်းချင်း ညှိနှိုင်းအဖြေရှာနိုင်မည် ဖြစ်သလို နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက်ပါ အထောက်အကူ ပြုလာနိုင်သည့် အချက်ဟု နိုင်ငံတကာ အဖွဲ့အစည်းများက ပြောဆိုလာကြပြီ ဖြစ်သည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ