ပ၀ါရဏာ = မျက်နှာချင်းဆိုင် ယဉ်ကျေးမှု
မြန်မာနိုင်ငံမှာ ဆီးဂိမ်းပြိုင်ပွဲကြီးက စတော့မယ်။ မကြာမီ ရက်ပိုင်းကမှ အာဆီယံ နိုင်ငံတွေကို အေးချမ်းသာယာအောင် လုပ်ပေးမယ်ဟဲ့ဆိုပြီး အာဆီယံဥက္ကဋ္ဌ ရာထူးကို လက်ခံရယူခဲ့တယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရန်ကုန်မန္တလေး တစ်ခွင်မှာတော့ ဗုံးသံတွေက တအုန်းအုန်း ဆိုသလိုပါပဲ။ ဘယ်သူတွေ လုပ်နေကြတာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ၊ အွန်လိုင်းမှာ ကာတွန်းရုပ်ပြောင်တစ်ခု ဖတ်လိုက်ရတာကတော့'' ဟဲ့...နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေ အခုဘာကိုင် နေကြတာလဲဟဲ့'' မေးတော့ ''ဗုံးကိုင်နေကြပါတယ် ဘုရား'' လို့ ဆိုတယ်။ စိတ်ဝင်စားစရာပဲ။
ဟိုတုန်းက လမ်းဘေး အမှိုက်ပုံမှာသာ ပေါက်ကွဲလေ့ရှိတဲ့ဗုန်းက အခုထရေးဒါး ဟိုတယ်ပေါ်မှာတက်ပြီး ပေါက်ကွဲတယ် ဆိုတော့ အဆင့်မြင့်သွားပြီ၊ တရားလွန်သွားပြီ။ ယခင်အနှစ်နှစ်ဆယ် အစိုးရအဆက်ဆက် နေရာစုံမှာ ဗုံးကွဲတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီဗုံး ဖောက်ခွဲသူတွေဟာ ပြည်သူတွေထဲက မဟုတ်ဘူး ဆိုတာတော့ ပြည်သူတွေက လုံးဝ ယုံကြည်ကြတယ်။
ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ၀ါဒရေးရာတွေမှာ မောဟကြီးစိုးမှု ခံရရင်၊ လောဘစေစားတာကို လိုက်လုပ်ရင် အဲဒီဘာသာရေး စတဲ့အရေးတွေဟာ မှိုင်းဖြစ်သွားတတ်တယ်။ မရိုးသား သူတွေကလည်း အဲဒီအရေးတွေကို မှိုင်းတိုက်ပြီး ကိုယ်ကျိုးရှာကြတယ်။ လွတ်လပ်ရေးကာလ တစ်ဝိုက်မှာလည်း ၀ါဒမှိုင်းတွေကြောင့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေ စိတ်ဝမ်းကွဲပြား ခဲ့ကြရတယ်။ ဘာသာနဲ့ ၀ါဒဟာ မှိုင်းဖြစ်သွားရင် အန္တရာယ်ရှိတယ်။
မြန်မာ့နိုင်ငံရေးမှာ အဓိက လိုအပ်နေတာ တစ်ခုက မျက်နှာချင်းဆိုင် ယဉ်ကျေးမှုပဲ၊ ပင်လုံညီလာခံဆိုတဲ့ မျက်နှာချင်းဆိုင် ယဉ်ကျေးမှုကြောင့် လွတ်လပ်ရေး ရခဲ့တယ်။ အခု လိုအပ်နေတာကလည်း ဒုတိယ ပင်လုံညီလာခံမျိုးပဲ။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့ နှစ်နာရီမှာ ဆရာကြီးမှိုင်းရဲ့ သြ၀ါဒအရ သခင်သန်းထွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကွန်မြူနစ်နဲ့ ဖဆပလ ပေါင်းစည်းရေး မျက်နှာချင်းဆိုင် အဖြေရှာဖို့ စီစဉ်ထားကြတယ်။ အဲဒီအစဉ်အလာတိုင်းသာ မျက်နှာချင်းဆိုင် ဖြစ်ခဲ့ရင် မြန်မာနိုင်ငံ သမိုင်းက ကောင်းမွန်ဖို့အတွက် ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒီနေ့ နံနက် ၁၀ နာရီခွဲ သာသာမှာပဲ ဗိုလ်ချုပ်တို့ လုပ်ကြံခံလိုက်ရတယ်။ လုပ်ကြံမှုဟာ အဲဒီမျက်နှာချင်းဆိုင်ဖို့ စီမံမှုနဲ့ သက်ဆိုင်လေမလား ဆိုတာလည်း တွေးတောစရာ သမိုင်းတစ်ကွက်ပဲ။
ဗုဒ္ဓဘာသာတော် နှစ်ပေါင်း ၂၅၀၀ ကျော် အရှည်ခန့်၍ တည်တံ့နေခြင်းဟာ ဗုဒ္ဓသားတော်တွေ မျက်နှာချင်းဆိုင် ယဉ်ကျေးမှုကို ဆက်လက် ကျင့်သုံးနေခြင်းကြောင့်ပဲ။ သီတင်းကျွတ် လပြည့်နေ့ ပ၀ါရဏာပြုတဲ့ ကိစ္စတွေ၊ လစဉ်လပြည့် လကွယ်တိုင်း သံဃာ့ဥပုသ်ပြုတဲ့ ကိစ္စတွေဟာ သံဃာညီညွတ်ကြောင်း မျက်နှာချင်းဆိုင် ယဉ်ကျေးမှု တစ်ရပ်ပဲ။ မျက်နှာချင်း ဆိုင်လိုက်ခြင်းကြောင့် ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။ ပွင့်လင်းမြင်သာမှုတွေ ရလာတယ်။ သံယောဇဉ်တွေ၊ မေတ္တာတွေ ကူးယှက်လာတယ်။ ပေါင်းစည်း ညီညွတ်မှုတွေ ရလာကြတယ်။ နားလည်မှုတွေ ရလာကြတယ်။ နားလည်မှုရတော့ ပြေလည်မှုရတယ်၊ ကောင်းကျိုးတွေ များစွာပါပဲ။ ဒါ့ကြောင့် လိစ္ဆ၀ီမင်းသားတွေကို တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း မကြာမကြာ မျက်နှာချင်းဆိုင် စည်းဝေးကြဖို့ ဘုရားမိန့်ခဲ့ တာပါပဲ။
အစိုးရအဖွဲ့၊ အာဏာရပါတီ၊ စစ်ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားများ၊ ပညာရှင်များ မဖြစ်မနေ မျက်နှာချင်း ဆိုင်ကြဖို့တော့ လို အပ်နေပြီ။ အားလုံး ရိုးသားစွာ၊ စိတ်သဘောထားကြီးစွာ၊ အမြော်အမြင်ကြီးစွာ အတ္တကို ရှေ့တန်းမတင်ဘဲ နိုင်ငံနဲ့ ပြည်သူကို ရှေ့တန်းတင်ပြီး ညှိညှိနှိုင်းနှိုင်း အဖြေရှာကြမှ ရေရာတဲ့ အဖြေတစ်ခု ထွက်ရှိလာမှာပါ။ မျက်နှာချင်း ဆိုင်လိုက်ပါ...
|
တိုင်းပြည် အပြောင်းအလဲအတွက် ပြည်သူတွေက ပထမ NLD ကို အားကိုးကြတယ်။ ဒုတိယ ၈၈ မျိုးဆက်တွေကို အားကိုးကြတယ်။ ဒါပေမဲ့ NLD ရဲ့အား၊ ၈၈ မျိုးဆက်တွေရဲ့ အားဟာ မျောဇာတ်ထဲမှာ တဖြည်းဖြည်း မျောပါနေပြီး လုံးပါးပါးသလို ဖြစ်နေတယ်။ တစ်ဖက်အင်အားစု တွေအတွက် ပျင်းတောင် ပျင်းသေးတယ်ဆိုတဲ့ အဆင့်ထက် ဘာမှမပိုလာဘူး ဖြစ်နေတယ်။ ဒါတွေကို ပြည်သူတွေက အားလိုပါလျက် အားမရ ဖြစ်နေကြတယ်။ အဓိကက လိုအပ်တဲ့ မျက်နှာချင်းဆိုင်မှု အားနည်းနေကြ တာပါပဲ။
ဒေါ်စုလည်း လွှတ်တော်တက်ရတာနဲ့ ပြင်ပထွက်ရတာနဲ့က အချိန်တွေ အများကြီး ပေးနေရတယ်။ အဝေးကွင်းမှာတော့ ခြေစွာပါရဲ့၊ အိမ်ကွင်းမှာကျ ခြေက ငုပ်နေတယ် လို့လည်း ဆိုကြတယ်။ တစ်ဘီးတည်းပဲ လိမ့်နေတယ်လို့လည်း မြင်တဲ့သူက မြင်တယ်။ ဆယ်လ်ဘလီတီ နိုင်ငံရေး၊ အီလစ်နိုင်ငံရေးလို မှတ်ချက် ချသူတွေလည်း ရှိတယ်။ အားလုံးကတော့ ကရုဏာ သက်စွာနဲ့ပါ။ မေတ္တာဖက်စွာနဲ့ပါ။ (ချစ်လို့ပြောတာမှတ်ပါ)
ဒေါ်စုဟာ လွှတ်တော်နဲ့ ပြည်ပမှာ အချိန်ပေးရတာများတော့ ပါတီဝင်တွေနဲ့လည်း မျက်နှာချင်းဆိုင်ချိန် မရဘူး။ ပြည်သူနဲ့လည်း မျက်နှာချင်းဆိုင်ချိန် မရဘူး ဖြစ်နေတယ်။ ဒီတော့ ပါတီကိုလည်း ပီပီပြင်ပြင်ဖြစ်အောင် မလုပ်နိုင်ဘူး။ ပြည်သူနဲ့လည်း အနေဝေးတော့ သွေးက အေးအေးလာတယ်။ ဒေါ်စုဟာ အနောက်နိုင်ငံတွေကို အသွားများတယ်။ တကယ်ယုံလို့လား၊ တကယ်ယုံနေတာလား၊ လက်တွေ့နိုင်ငံရေးမှာ ရိုးသားဖြောင့်မတ်မှု ဆိုတာထက် အခြားအရည်အချင်းများက ပို၍နေရာ ယူထားသလိုပဲ။ အနောက်အုပ်စုဟာ ကိုယ်နဲ့အဓိက ပတ်သက်ချင်တာလား၊ ဘယ်သူနဲ့ အဓိက ပတ်သက်ချင်တာလား၊ သူတို့ တကယ်လိုချင်တာက ဘာလဲဆိုတာ ကွဲကွဲပြားပြား ရှိဖို့တော့ လိုနေမလားပဲ။
ပြည့်အင်အားဟာ ပြည်တွင်းမှာသာ ရှိတယ်ဆိုတာ အမှန်ပါ။ NLD ရဲ့ အင်အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်လေ၊ ပါတီဟာ ပါတီနဲ့တူဖို့၊ လူသားအရင်းအမြစ် ကြွယ်ဝဖို့၊ နိုင်ငံရေး အရည်အချင်းရှိဖို့၊ ၂၀၁၅ မှာ အမတ်လုပ်မယ့်သူတွေ၊ ၀န်ကြီးလုပ်မယ့်သူတွေ ဒေါင်ဒေါင်မြည် ဖြစ်နေစေဖို့ NLD ဟာ ဒေါ်စုပါတီ ဆိုတာထက် ပြည်သူ့ပါတီ ဆိုတာကို ပြည်သူတွေက နားလည်ခံယူစေဖို့ လိုအပ်ပါလိမ့်မယ်။ နိုင်ငံရေးဆိုတာ ပြီးဆုံးတယ် မရှိပါဘူး။ ပြည်သူတွေ နှစ်ပေါင်း ၅၀ လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ ပြည်သူ့ အာဏာဟာ ပြည်သူ့လက်ထဲကို အပြည့်အ၀ ပြန်လည်ရောက်ရှိဖို့ ရုန်းကန်ရတဲ့ ခရီးဟာ အာဏာရ အုပ်စုက ရိုးရိုးသားသား စေတနာ ထားရင်တောင် နောင် ၁၀ နှစ်၊ ၅၀ နှစ် စသည် ကြာကောင်းကြာပါ လိမ့်ဦးမယ်။ ထိုခရီးအတွက် NLD ပါတီဟာ ဦးဆောင်မှု အခန်းကဏ္ဍက ရှိနေရဦးမှာပါ။ ဒေါ်စုလွန် နိုင်ငံရေးပါတီမှာ NLD ပါတီ ခြေပြတ်ခေါင်းပြတ် ဖြစ်မှာကို တတ်တိပညာရှင်တွေက စိုးရိမ်နေကြတာပါ။ NLD ရဲ့ လက်ရှိ အနေအထားကိုတော့ တတ်သိပညာရှင်အချို့ စိတ်ပျက်စ ပြုလာနေသလားပဲ။ NLD ရဲ့ လက်ရှိ ပုံစံနဲ့၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ဒေါ်စုသမ္မတ ဖြစ်ရင်လည်း တိုင်းပြည်က ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောရဲတဲ့သူတွေ ရှိနေခဲ့ပြီ။ ဒါဟာ သတိပြုစရာပါ။ ဒါကြောင့် ဒေါ်စုဟာ ပါတီဝင်တွေ၊ ပြည်သူတွေ၊ ပညာရှင်တွေနဲ့ များများမျက်နှာချင်းဆိုင်ဖို့ လိုအပ်နေပါပြီ။
၂၀၂၅ လောက်ဆိုရင် သက်တမ်းအရ ဒေါ်စုနိုင်ငံရေးက လွန်မြောက်သွားလေ မလားပဲ။ ထိုအခါ ဒုတိယနိုင်ငံရေး အင်အားစု ၈၈ မျိုးဆက် အဖွဲ့က အဓိကနေရာတစ်ခု ရောက်ရှိလို့ လာမှာပါ။ ယခုချိန်ထိတော့ ၈၈ မျိုးဆက် အဖွဲ့ဆိုတာ ဟိုယောင်ယောင်၊ ဒီယောင်ယောင် အဆင့်ထက် ဘာမှမပိုပါဘူးလို့ ပြောတဲ့သူက ပြောနေကြပြီ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း လိုတော့ စိတ်ကူးမယဉ်ပါနဲ့၊ ဆရာကြီးမှိုင်းနေရာ နောက်ထပ် ဒုတိယလူ မရှိပါဘူး။ သမ္မတဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင် ဒေါ်စု မျက်နှာချင်းဆိုင် အဖြေရှာမှုကြောင့် တိုင်းပြည်က ခုအနေအထားအထိ ပြောင်းလဲလာတာပါ။ ဒါပေမဲ့ အဓိက အချက်တွေ ဘာမှမပြောင်းလဲ သေးပါဘူး။ အခုအရေးတကြီး လိုအပ်နေတာက စစ်ခေါင်းဆောင်နဲ့ လူထုခေါင်းဆောင် မျက်နှာချင်းဆိုင်ဖို့ လိုအပ်နေပါ တယ်။ ဘာပဲဖြစ်ဖြစ် ခုအချိန်ထိ နိုင်ငံမှာ စစ်တပ်က အရေးပါ အရာရောက်ဆုံး နေရာမှာ နေရာယူထားဆဲပါ။ ဒေါ်စုကလည်း စစ်တပ်က သဘောတူသလောက်ပဲ နိုင်ငံက ပြောင်းလဲလို့ ရမှာလို့ ပြောထားပါတယ်။ ဒါ့ကြောင့် အဓိက အပြောင်းအလဲတွေအတွက် စစ်ခေါင်းဆောင် ကာချုပ်နဲ့ ဒေါ်စုတို့ မျက်နှာချင်းဆိုင် အဖြေရှာကြဖို့ အချိန်ရောက်နေပါပြီ။
အခုအချိန်မှာ အရေးအကြီးဆုံးက ၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၁၅ မတိုင်ခင် အကောင်းဆုံး အနေအထား တစ်ရပ်ထိ ပြင်ဆင်ရေးဆွဲကြဖို့ပါ။ (အသစ်ပြန်ရေးဆွဲဖို့ ဆိုတာကတော့ မလွယ်သေးဘူးထင်တယ်)။ ဒီလိုပြင်ဆင် ရေးဆွဲဖို့ ဒုတိယ ပင်လုံညီလာခံ ဆိုတာမျိုး ဦးစွာ လိုအပ်လာပါတယ်။ အစိုးရအဖွဲ့၊ အာဏာရပါတီ၊ စစ်ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားများ၊ ပညာရှင်များ မဖြစ်မနေ မျက်နှာချင်း ဆိုင်ကြဖို့တော့ လို အပ်နေပြီ။ အားလုံး ရိုးသားစွာ၊ စိတ်သဘောထားကြီးစွာ၊ အမြော်အမြင်ကြီးစွာ အတ္တကို ရှေ့တန်းမတင်ဘဲ နိုင်ငံနဲ့ ပြည်သူကို ရှေ့တန်းတင်ပြီး ညှိညှိနှိုင်းနှိုင်း အဖြေရှာကြမှ ရေရာတဲ့ အဖြေတစ်ခု ထွက်ရှိလာမှာပါ။ မျက်နှာချင်း ဆိုင်လိုက်ပါ။ တိုင်းပြည်မှာ အမှန်တကယ် လိုအပ်နေတာက အဓိက ခေါင်းဆောင်တွေ ရိုးသားစွာ မျက်နှာချင်းဆိုင်မှုပါ။ ရင်ကြားစေ့ရေးဆိုတာ မျက်နှာချင်း ဆိုင်လိုက်မှသာ ရင်ချင်းအပ်ပြီး ရင်ကြားက စေ့လို့ရမှာပါ။
Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
Category:



