ခုနစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မိတ္ထီလာမြို့ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် လူပေါင်း ၄၀၀၀ ကျော် ခိုလှုံနေရ

မိတ္ထီလာမြို့ သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် လာရောက်ခိုလှုံ နေကြသူများအား တွေ့ရစဉ်
မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးဆန်သော အကြမ်းဖက်မှုများကြောင့် မိတ္ထီလာမြို့တွင် ကယ်ဆယ်ရေးစခန်း ငါးခု ဖွင့်လှစ်ခဲ့ရကာ လက်ရှိအောက်တိုဘာ လလယ်ပိုင်းထိ ခုနစ်လပြည့်ရန် ရက်ပိုင်းသာ လိုတော့သော်လည်း ကယ်ဆယ်ရေးစခန်း ငါးခုတွင် လူပေါင်း ၄၀၀၀ ကျော် ခိုလှုံနေထိုင်ရဆဲဖြစ်ကြောင်း သိရသည်။ "အခု ကယ်ဆယ်ရေး စခန်းတွေမှာ လူလေးထောင်လောက် ခိုလှုံနေရပါတယ်။ ကယ်ဆယ်ရေးစခန်း ငါးခုအတွက် ဆန်၊ ဆီ၊ ဆားမပါ တစ်လကို ကျပ်သိန်းတစ်ရာကျော် ကုန်တယ်။ မီးလောင်ထားတဲ့ အိမ်တွေမှာ ပြန်လည်နေရာ ချထားရေးအတွက် အမြန်ဆုံးစီစဉ် ဆောင်ရွက်နေပါတယ်" ဟု မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"ကျွန်မတို့ ကယ်ဆယ်ရေး စခန်းထဲမှာ နေရတာ လုံးဝ အဆင်မပြေဘူး။ ဆယ်ပေလောက်ရှိတဲ့ တဲတန်းတွေထဲမှာ အကာမပါဘဲ နေရတာ လုံခြုံတယ်လို့လည်း မထင်ဘူး။ ကျွန်မမှာ သမီးနှစ်ယောက် ရှိတယ်။ အခု ဒီမှာ ရေရှည်နေရတာ ဘယ်လိုမှ မဖြစ်လို့ အမျိုးအိမ် ပို့ထားရတယ်။ ချမ်းအေးမှာ ကိုယ်ဘာသာ အိမ်ဆောက်နေမယ် ဆိုတာတောင် နေလို့မရဘူး။ သူတို့ကလည်း ပြန်နေဖို့ စီစဉ်မပေးသေးဘူး။ အခု ဒီမှာနေရတာ ခြောက်လကျော် ရှိပြီ။ တစ်ရက်မှကို အဆင်မပြေဘူး။ ကလေးတွေ ကျောင်းမဖွင့်ခင်ထဲက စခန်းထဲ ရောက်နေတာ အခု စာမေးပွဲတွေတောင် ဖြေတော့မယ် အပြင်ထွက်နေလို့ မရသေးဘူး။ ကလေးတွေ ပညာရေးလည်း အခက်အခဲ ဖြစ်ကုန်ပြီ" ဟု မိတ္ထီလာမြို့ သာသနာ့ရိက္ခတ ကယ်ဆယ်ရေး စခန်းတွင် ခိုလှုံနေရသူ တစ်ဦးက ပြောကြားသည်။
"ကိုယ်အိမ်ကိုယ် ပြန်နေဖို့ကတော့ ဘာမှကို မထူးသေးဘူး။ အစည်းအဝေးတောင် မခေါ်တော့ဘူး။ အရင်တုန်းက တစ်ယောက်ကို တစ်လ ဆန်ခုနစ်ပြည်လောက် ရတယ်။ အခု အောက်တိုဘာလထဲမှာ တစ်ယောက်ကို ဆန်ငါးပြည်ပဲ ရမယ်ပြောတယ်။ ကုလားပဲနဲ့ စားဆီကတော့ ဘယ်လိုရမယ် မသိသေးဘူး။ မနေ့ကစပြီး စခန်းထဲမှာ လောင်းကစား လုပ်တာတွေကို သက်ဆိုင်ရာက လိုက်ဖမ်းတယ်။ စခန်းထဲမှာ လူများတော့ ပြဿနာကတော့ နေ့တိုင်းဖြစ်နေတာပဲ" ဟု မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းတွင် ခိုလှုံနေသူ တစ်ဦးက ပြောကြားသည်။
Category:



