ဧရာဝတီမြစ်ပေါ်ရှိ ရေလမ်းကြောင်း နေရာလေးခုတွင် တာတမံ အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း စီမံကိန်းအား ဂျပန်အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်မည်

White Star | 火曜日, 10月 15, 2013 |

C-16-10
မကွေးမြို့အနီး ဧရာဝတီမြစ်ကြောင်း တစ်နေရာအား တွေ့ရစဉ်
ဧရာဝတီမြစ်ပေါ်ရှိ ရေလမ်းကြောင်း နေရာလေးခုတွင် တာတမံ အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း စီမံကိန်းအား ဂျပန်နိုင်ငံမှ အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားသည်။
ဧရာဝတီမြစ်အား ရေမျက်နှာပြင် ထိန်းချုပ်သော နည်းစနစ်ဖြစ်သည့် တာတမံ အနိမ့်များ တည်ဆောက်၍ မြစ်ကြောင်းထိန်းသိမ်းရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်၍ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကချင်ပြည်နယ်တွင် တာတမံအနိမ့် (low head dam)  ငါးခု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် သုံးခု၊ မန္တလေးတိုင်း ဒေသကြီးတွင် သုံးခု၊ မကွေးတိုင်း ဒေသကြီးတွင် သုံးခု၊ ပဲခူးတိုင်း ဒေသကြီးတွင် တစ်ခုနှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် တစ်ခု စုစုပေါင်း တာတမံအနိမ့် (low head dam)  ၁၆ ခုအား တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ တာတမံအနိမ့် တည်ဆောက်မည့် ရေလမ်းကြောင်း ၁၆ နေရာအနက် ရေလမ်းကြောင်း လေးနေရာအား ဖြစ်မြောက်နိုင်စွမ်း လေ့လာရန် မြန်မာနိုင်ငံ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဘယ်လ်ဂျီယမ်နိုင်ငံ SBE nv Engineering ကုမ္ပဏီတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် မတ် ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ  ၈ လတာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဘယ်လ်ဂျီယမ်နိုင်ငံနှင့် ပူးပေါင်း၍ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ပြုလုပ်ခဲ့သည့် မြန်မာပြည် အလယ်ပိုင်း ရေလမ်းကြောင်း နေရာလေးခုမှာ ရန္တပိုရွာအနီး၊ ချောက်မြို့အနီး လမ်းရွာ၊ မင်းလှမြို့ အနီးနှင့် အောင်လံမြို့ အနီးရှိ ရုံးဆိပ်ရေလမ်းကြောင်းတို့ ဖြစ်သည်။
"ဒီလိုလုပ်တာက လျှပ်စစ်ဓာတ်အား ထုတ်ရောင်းဖို့ တစ်ခုတည်းအတွက် ဆည်ဆောက်တာ မဟုတ်ဘူး။ Special project အနေနဲ့ အပူပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ နိုင်ငံတော်အဆင့် လုပ်ဆောင်ချင်တာပါ" ဟု ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဆိုသည်။
ကျန်ရှိသည့် ဧရာဝတီ မြစ်ကြောင်းပေါ်ရှိ တာတမံအနိမ့် (low head dam) ၁၂ ခုအား ပြည်တွင်းပြည်ပ ကုမ္ပဏီများအား တင်ဒါခေါ်ယူ၍ BOT စနစ်ဖြင့် လုပ်ကိုင်ရန် ကနဦး စီစဉ်ထားကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ