မန္တလေးမြို့တွင် ဗုံးပေါက်ကွဲမှု အန္တရာယ် ကာကွယ်ရန် မြို့ဝင်မြို့ထွက် ဂိတ်များကို စစ်ဆေးနေပြီး မသင်္ကာဖွယ် ကိစ္စရပ်များအား သတင်းပေးပါက ချက်ချင်းဆောင်ရွက်မည်

White Star | 火曜日, 10月 15, 2013 |

8.1.1
မန္တလေးမြို့ လမ်း ၈၀ နှင့် ၁၆ လမ်းထောင့်ရှိ ရွှေဘဲစားသောက်ဆိုင် အနီးတွင် တွေ့ရှိသောဗုံးအား တာဝန်ရှိသူများမှ ဖယ်ရှားရှင်းလင်းနေစဉ်
မန္တလေးတွင် ဗုံးပေါက်ကွဲမှု အန္တရာယ်များကို ကာကွယ်နိုင်ရန် အတွက် ရဲတပ်ဖွဲ့မှ မြို့ဝင်မြို့ထွက် ဂိတ်များကို စစ်ဆေးဆောင်ရွက်နေပြီး ပြည်သူလူထုက မိမိတို့၏ ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာ အခြေအနေများကို တွေ့ရှိပြီး သတင်းပေးပါက ချက်ချင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း တောင်ငူမြို့နယ်၊ ဖြူးမြို့နယ်၊ ရန်ကုန်တိုင်း အတွင်းရှိ မင်္ဂလာဒုံမြို့နယ်နှင့် သာကေတ မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးတွေ့ရှိမှုများ ဖြစ်ပွားနေမှုကြောင့် မန္တလေးတိုင်းတွင်လည်း ရဲတပ်ဖွဲ့အနေဖြင့် ကြိုတင်ကာကွယ်သည့် စီမံချက်များဖြင့် လုပ်ဆောင်နေပြီး ပြည်သူလူထုကလည်း ဗုံးဟု မသင်္ကာဖွယ်ရာ အခြေအနေများ တွေ့ရှိပါက သတင်းပေးပြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းအကူ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက တိုက်တွန်း ပြောကြားသည်။
''ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေလည်း မြို့ဝင်မြို့ထွက် ဂိတ်တွေကို စစ်ဆေးတာတွေ၊ မြို့နယ်၊ ရပ်ကွက်တွေထဲထိဆင်းပြီး သတင်းယူတာတွေ၊ လုံခြုံရေး ယူတာတွေကို လုပ်နေပါတယ်။ ပြည်သူလူထု အနေနဲ့ ကလည်း ဗုံးဆိုပြီး မသင်္ကာစရာ အခြေအနေမျိုး၊ မရှိသင့်တဲ့ နေရာမှာ မရှိသင့်တဲ့ ပစ္စည်းက ရှိနေတာမျိုး ဥပမာ-လူစည်ကားတဲ့ ဈေးလိုနေရာမျိုးရဲ့ လမ်းလယ်ကောင်မှာ ရေဒီယိုလို ပစ္စည်းမျိုး တွေ့တာမျိုးတို့လို ကိစ္စရပ်တွေ ပေါ်လာရင် ရဲတပ်ဖွဲ့ဝင်တွေကို ချက်ချင်း သတင်းပေးဖို့ လိုပါတယ်'' ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။
ထို့ပြင် ပြည်သူလူထု အနေဖြင့် ဗုံးဟု မသင်္ကာဖွယ်ရာ အခြေအနေကို တွေ့ရှိပါက လူစုလူဝေးဖြင့် ၀ိုင်းအုံကြည့်ရှုခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ ဗုံးဆိုသည်မှာ တစ်လုံးပေါက်ကွဲ ပြီးလျှင်တောင်မှ ဗုံးထောင်သူက နောက်နှစ်လုံး (သို့) သုံးလုံးကို ထောင်ထားမှု များသည်လည်း ကျိန်းသေရှိနေသည့် အတွက် ၀ိုင်းအုံကြည့်ရှု မှုများကို ရှောင်ရှားသင့်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။
ထို့ပြင် ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ''တချို့ကလည်း မိုင်းအတုထောင်ပြီး လူတွေ ချောက်ချားအောင်၊ အထိတ်တလန့် ဖြစ်အောင်၊ နိုင်ငံနဲ့ အစိုးရတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ကြပါတယ်။ မိုင်းအတုတွေ့တဲ့ သာဓကတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ မသင်္ကာစရာ ဘာပဲတွေ့တွေ့ ရဲတပ်ဖွဲ့ဝင်တွေကို ချက်ချင်းသတင်းပေးပါ'' ဟု ဆက်လက် ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ယခင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် ကျောက်ခွဲ ယမ်း၊ ကျည်ဆန်ယမ်းကဲ့သို့ ယမ်းအမျိုးအစားကို စစ်ဆေးကာ ဗုံးခွဲမှု တရားခံများကိုလည်း ဖော်ထုတ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ