အဆုံးအဖြတ်များ (Decisions)

သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက် ယမုံနာလမ်း အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်းအနီး အောက်တိုဘာ ၁၃ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် မိုင်းရှင်းလင်းရေး အဖွဲ့ဝင်များ မိုင်းရှာဖွေမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ) အောင်မျိုးသန့်
မြန်မာနိုင်ငံတွင် အီးမေးလ်(E-mail) တစ်စောင်လျှင် ထောင် ၁၅ နှစ်ဖြင့် E-mail လေးစောင်အတွက် ထောင်အနှစ် ၆၀ သတ်မှတ်ခံခဲ့ရသော နိုင်ငံရေးသမားများ၊ ထောင်ဒဏ်အနှစ် ၁၀၀ နီးပါးအထိ သတ်မှတ်ခံခဲ့ရသော နိုင်ငံရေးသမားများအတွက် ယင်းကဲ့သို့ ပြင်းထန်သော အရေးယူမှုများ ပြုလုပ်လေ့ရှိသော်လည်း ကလေးသူငယ်များကို မတော်မတရားပြုသူများ အပါအ၀င် ဒုစရိုက်သမားများကိုမူ အဘယ်ကြောင့် ထောင်ဒဏ် အနည်းငယ်သာ ကျခံစေရသနည်းနှင့် မကြာခဏ လွှတ်ပေးရသနည်းဟု လူမှုစီးပွားရေး လေ့လာသူတစ်ဦး(နိုင်ငံခြားသား) က ပြောဖူးသည်။
ယင်းမှာ ယင်းဒုစရိုက်သမားများ၏ ဒုစရိုက်လုပ်ငန်းများသည် အာဏာပိုင်တို့အတွက် ပြဿနာဟု မယူဆ၍ သော်လည်းကောင်း၊ တစ်နည်းအားဖြင့် ယင်းတို့၏ (အာဏာပိုင် ပုဂ္ဂိုလ်တို့၏) မိသားစုဝင်များ အတွက် အန္တရာယ် မရှိသောသူများ၊ မိမိတို့၏ လုံခြုံရေး အပြည့်ဖြင့် နေနိုင်သူများ၊ တစ်ဖန် ယင်းဒုစရိုက်သမားများကို လိုသလို သုံးနိုင်ရန် ဖြစ်နိုင်၍ သော်လည်းကောင်း ဖြစ်မည်ဟု ၎င်း၏ ထင်မြင်ချက်ကို ဆက်လက်ပြောပါသည်။
လူမှုစီးပွား လေ့လာသုံးသပ်သူတို့သည် သာမန်အားဖြင့် ဘက်စုံထောင့်စုံမှ လူမှုစီးပွား အခြေအနေ အရပ်ရပ်ကို သရုပ်ခွဲလေ့လာကာ၊ ယင်းတို့ လေ့လာတွေ့ရှိချက်များကို အခြေပြုကာ ယင်းနိုင်ငံအသီးသီး၏ အစိုးရ အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများ အစရှိသည့် အစီရင်ခံစာများတွင် ရေးသားလေ့ရှိသည်။
ယနေ့မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ အများအပြား၏ အကောင်းမြင် ရှုထောင့်များမှ စိတ်ဝင်စားခံရသော နိုင်ငံဖြစ်နေသော်လည်း ယင်းကဲ့သို့ ဒီမိုကရေစီစနစ်ကို အဟန့်အတား ပြုစေနိုင်သည့် (တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်ကို ချည့်နဲ့ သွားစေနိုင်သည့်) အပြုအမူများကို ကြိုတင် ကာကွယ်တားဆီးနိုင်မှသာ အနာဂတ် မြန်မာနိုင်ငံသည်လည်း သာယာဝပြောသောနိုင်ငံ (Welfare State) စာရင်းဝင် နိုင်ငံအဆင့်သို့ တက်လှမ်း ရောက်ရှိနိုင်ပေလိမ့်မည် . . . |
ယနေ့မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ အများအပြား၏ အကောင်းမြင် ရှုထောင့်များမှ စိတ်ဝင်စားခံရသော နိုင်ငံဖြစ်နေသော်လည်း ယင်းကဲ့သို့ ဒီမိုကရေစီစနစ်ကို အဟန့်အတား ပြုစေနိုင်သည့် (တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်ကို ချည့်နဲ့ သွားစေနိုင်သည့်) အပြုအမူများကို ကြိုတင် ကာကွယ်တားဆီးနိုင်မှသာ အနာဂတ် မြန်မာနိုင်ငံသည်လည်း သာယာဝပြောသော နိုင်ငံ (Welfare State) စာရင်းဝင် နိုင်ငံအဆင့်သို့ တက်လှမ်းရောက်ရှိ နိုင်ပေလိမ့်မည်။
အမျိုးသားလုံခြုံရေး (National Security) နှင့် အမျိုးသားကာကွယ်ရေး (National Defence) တို့မည်သည် မိမိနိုင်ငံသားများကို ဘေးအန္တရာယ် အသွယ်သွယ်မှ လုံလုံခြုံခြုံ ကာကွယ်ပေးခြင်း သဘောဖြစ်ပေရာ တစ်မျိုးသားလုံးကလည်း မိမိနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားကာကွယ်ရေး ကျစ်ကျစ်လျစ်လျစ် ရှိစေရန်နှင့် စွမ်းဆောင်ရည် မြင့်မားစေရန် အမြဲတမ်း အရန်သင့် ရှိနေစေရန် ၀ိုင်းဝန်း ကြိုးပမ်းတည်ဆောက် ပေးရပေလိမ့်မည်။
မည်သည့် မတည်ငြိမ်မှုမျိုးမဆို မည်သည့်အကြောင်းရင်းကို အရင်းခံသည်ဖြစ်စေ၊ ယင်းမတည်ငြိမ်မှုများသည် မထင်မှတ်ဘဲ (တစ်နည်းအားဖြင့် ထင်မြင်ထားသည်ထက် ပိုမို၍) ကြီးပွား သွားတတ်စေသလို နိုင်ငံ၏ နိုင်ငံရေး စည်းရုံးဆွဲဆောင်မှုကိုလည်း လျော့နည်း ကျဆင်းသွားစေလေ့ ရှိတတ်ပါသည်။
ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းသည် အောင်မြင်နိုင်မှု ရှိနိုင် (သို့မဟုတ်) မရှိနိုင် ဆိုသည်ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလများ၏ လူမှုစီးပွားရေး အထွေထွေ အခြေအနေများကို လေ့လာရသလို ၂၀၁၅ နောက်ပိုင်းတွင် ဖြစ်တည်လာဖွယ်ရှိသော လူမှုစီးပွားရေး အခြေအနေများကိုလည်း ကြိုတင်ခန့်မှန်းခြင်း (Forecasts) များ ပြုလုပ်ရလေ့ရှိသည်။
ထိုသို့လေ့လာရာတွင် အတိတ်ပစ္စုပ္ပန်တို့ အခြေအနေများကို ပေါင်းစပ်ပေါင်းခြုံကာ အနာဂတ်ကို ကြိုတင် ခန့်မှန်းရခြင်းဖြစ်ရာ ပစ္စုပ္ပန် အခြေအနေအားလုံးကိုလည်း သရုပ်ခွဲ လေ့လာသုံးသပ် ရလေ့ရှိသည်။ ဆိုလိုသည်မှာ လူမှုစီးပွား တည်ငြိမ်မှုနှင့် မတည်ငြိမ်မှုသည် ယင်းနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် မတိုးတက်မှုတို့ အပေါ်တွင် တိုက်ရိုက်သက်ရောက်မှု ပေးနိုင်သောကြောင့် ဖြစ်သည်။
တစ်ဖန် အကယ်၍(အကယ်၍) လူမှုစီးပွား အခြေအနေများ မတည်ငြိမ်မှုများက ပို၍ပို၍ ဆိုးရွားပြင်းထန်လာလျှင် မည်သို့ ဖြေရှင်းလေ့ ရှိသနည်း ဆိုသည်နှင့် ယင်းသို့ဖြေရှင်းရန်အတွက် လိုအပ်သော လူသား အရင်းအမြစ်အင်အား အရန်သင့် ရှိသနည်းဆိုသည်ကိုလည်း ပူးတွဲလေ့လာ သုံးသပ်ရသည်။
အကြောင်းမှာ ဖြေရှင်းပုံ ကွာဟမှုဟူသည် ရှုမြင်သုံးသပ်ပုံ ကွာဟမှုနှင့်လည်း တိုက်ရိုက် ဆက်စပ်နေပေရာ ယင်းရှုမြင် သုံးသပ်ပုံသည် လွန်စွာ အရေးကြီးပါသည်။
၁၉၈၈ လူထုအရေးတော်ပုံကြီးသည် မည်သူကမျှ ထိုမျှ ကြီးမားသွားမည်ဟု မခန့်မှန်းခဲ့ကြသော်လည်း ထိုစဉ်က စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်သော ကိုဘုန်းမော် နှင့် ကိုစိုးနိုင်တို့၏ သေဆုံးမှုနှင့် တိုင်းပြည် စီးပွားရေး ကျဆင်းမှုတို့ ပေါင်းစပ်မိသွားကာ အထွေထွေ သပိတ်ကြီးအထိ ကြီးထွားသွားစေကာ အစိုးရတစ်ရပ် နေ့ချင်းညချင်း(ကာလတို အချိန်အတွင်း) တွင် ရပ်ဆိုင်းသွားခဲ့ရသည်ကို တွေ့မြင်နိုင်သည်။
ယနေ့ မြန်မာနိုင်ငံတွင်လည်း ကလေးသူငယ်များကို မတော်မတရား ပြုကျင့်မှုများ အုပ်စုဖွဲ့ရမ်းကား သောင်းကျန်းမှုများကို ထိထိရောက်ရောက် မတားဆီးနိုင်လျှင် ယနေ့မြန်မာနိုင်ငံ၏ စီးပွားရေးကွာဟမှုများနှင့် ပေါင်းဆုံသွားလျှင် အင်မတန် ကြောက်မက်ဖွယ် အနာဂတ်များကိုပင် ရင်ဆိုင်ရနိုင်ပေသည်။
အမျိုးသားလုံခြုံရေးနှင့် အမျိုးသား ကာကွယ်ရေးတွင် အပြုသဘောဖြင့် နိုင်ငံတည်ဆောက်သူများနှင့် အပျက်သဘောဖြင့် နိုင်ငံဖျက်ဆီးသူများကို သဲသဲကွဲကွဲ ကြည့်မြင်နိုင်ရန်လည်း လိုအပ်ပေလိမ့်မည်။ အပြုသဘောဖြင့် နိုင်ငံ တည်ဆောက်သူများသည် မိမိနိုင်ငံ မိမိလူမျိုးကို အမှန်တကယ် ချစ်ခင်ကြသူများ ဖြစ်ပေရာ ယင်းပုဂ္ဂိုလ်တို့၏ အင်အားကို ကောင်းစွာ အသုံးပြုနိုင်ရန် လိုအပ်ပေလိမ့်မည်။
အိမ်တစ်လုံး တည်ဆောက်ရာတွင်ပင်လျှင် အုတ်၊ သဲ၊ ကျောက်စရစ်၊ သံနှင့် ဘိလပ် မြေစသည်တို့ ရှိရန်လိုအပ်သလို ယင်းတို့ကို အချိုးကျကျ ပေါင်းစပ်ပေးနိုင်ရန်လည်း လိုအပ်သလို ယင်းအိမ်ကြီး အန္တရာယ် အသွယ်သွယ်မှ ကာကွယ်ပေးနိုင်သော အတတ်ပညာ ပေါင်းစုံတို့ ပေါင်းစပ်ထားရန်လည်း လိုအပ်ပေသည်။ ဆိုလိုသည်မှာ အုတ်ရှိရုံဖြင့် အိမ်မဖြစ်နိုင်သလို သဲနှင့်ကျောက်စရစ်တို့ ရှိရုံမျှဖြင့်လည်း အိမ်တစ်လုံး မဖြစ်နိုင်သလို ဒီဇိုင်း အစရှိသော အတတ်ပညာ မျိုးစုံမပါဝင်လျှင်လည်း ယင်းအိမ်သည် မခိုင်ခံ့နိုင်ပေ။
ယနေ့ ပစ္စုပ္ပန်မြန်မာနိုင်ငံသည် အနာဂတ် မြန်မာနိုင်ငံ၏ အတိတ်မြန်မာနိုင်ငံအဖြစ် သမိုင်းတွင် ကျန်ရှိနေမည်ဖြစ်ရာ ယနေ့ပစ္စုပ္ပန်သည် လွန်စွာအရေးကြီးလှသည်။
Written by ဒေါက်တာအောင်ကိုကို(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
Category:



