မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် GMP လက်မှတ်ပြသနိုင်ခြင်း မရှိသဖြင့် ဈေးနှိမ်ဝယ်ယူခြင်း ခံနေရပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုသာ အားထားနေရ

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်သို့ တင်ပို့မည့် သစ်သီးများကို တွေ့ရစဉ် (ဓာတ်ပုံ)-ထွန်းနေလှိုင်
မြန်မာနိုင်ငံမှ သစ်သီးများအား ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် GMP (Good Manufacturing Process) လက်မှတ်ပြသနိုင်ခြင်း မရှိသဖြင့် ဈေးနှိမ်ဝယ်ယူခြင်း ခံနေရပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုသာ အားထားနေရကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးများအား စင်ကာပူ၊ တရုတ် စသည့်နိုင်ငံများသို့ ပင်လယ်ရပ်ခြား ကုန်သွယ်မှု (Oversea Trade)အပြင် နယ်စပ်ကုန်သွယ်မှု (Boder Trade) လမ်းကြောင်းများဖြင့် တင်ပို့လျှက်ရှိရာ နယ်စပ်မှတစ်ဆင့် တင်ပို့ရမှုမှာ ပိုမိုများပြားကြောင်း သိရသည်။
နယ်စပ်မှတစ်ဆင့် တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့လျှက်ရှိနေပြီး GMP လက်မှတ် ပြသနိုင်ခြင်း မရှိသည့်အတွက် တရုတ်ပြည်တွင်းသို့ တင်ပို့နိုင်ခြင်းမရှိဘဲ တရုတ်နိုင်ငံ နယ်စပ်ဒေသများသို့သာ ပေါက်ဈေးထက် နိမ့်သည့်ဈေးဖြင့် တင်ပို့နေရကြောင်း သိရသည်။
"သစ်သီးတွေက Boder Trade က သွားတာများတယ်။ Oversea ကနေဆိုရင် နိုင်ငံကြီးတွေကို တင်ပို့ရမှာ ဖြစ်တဲ့အတွက် GMP လို လက်မှတ်မျိုး မပြနိုင်တဲ့အတွက် တောင်တွေအနေနဲ့ နယ်စပ်ကိုပဲ အားထားနေရတယ်။ ဈေးကွက်အသစ် ထပ်မချဲ့နိုင်ဘူး ဖြစ်နေတယ်။ အခုဆိုရင် နိုင်ငံတော်တော်များများက မြန်မာနိုင်ငံက ထွက်ရှိတဲ့ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တင်သွင်းချင်ကြတယ်။ လာပြီးလည်း ဆွေးနွေးနေတာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့နိုင်ငံက သတ်မှတ်တဲ့ စံနှုန်းကိုမပြောနဲ့  GMP လက်မှတ်ကိုတောင် မပြနိုင်တဲ့အတွက် ကုန်သွယ်မှုပိုင်းမှာ အခက်အခဲတွေရှိတယ်။ ဒါကို သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ Guide Line ထုတ်ပြန်ပေးပြီး လက်မှတ်ပေးတဲ့ အဖွဲ့တွေကို ဖွဲ့စည်းပေးဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးရေးနဲ့ အရည်အသွေးဆိုင်ရာ လက်မှတ်တွေက နိုင်ငံကြီးလေ ပိုလိုလေပါပဲ" ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးစိုးသန်းမင်းဒင်က ပြောကြားသည်။
သစ်သီးများ တင်ပို့ရာတွင် ရရှိသည့် ဈေးမှာလည်း တင်ပို့သည့် လမ်းကြောင်းပေါ် မူတည်၍ ကွာဟချက်ရှိပြီး ပျမ်းမျှအားဖြင့် နယ်စပ်မှတစ်ဆင့် တင်ပို့သည့် သရက်သီးတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀၀ ရရှိပြီး ပင်လယ်ရပ်ခြား ကုန်သွယ်မှုလမ်းကြောင်းမှ တင်ပို့ပါက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ အထိ ရရှိကြောင်း သိရသည်။
Category:



