ရခိုင်ပြည်နယ်မှာ NGO တွေ တည်ဆဲဥပဒေ လိုက်နာကြဖို့ သတိပေး

ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်တွေ ထမ်းဆောင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ NGO တွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ လုပ်ငန်းလမ်းညွှန်ချက်တွေကို ချိုးဖေါက်ရင်ဖြစ်စေ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရင်ဖြစ်စေ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေကြတဲ့ NGOအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းစဉ်မှာ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အခုလို ဖြေကြားခဲ့တာပါ။
“ဝန်ကြီးဌာနကထုတ်ပြန်တဲ့ လုပ်ငန်းလမ်းညွှန်ပါ စည်းကမ်းချက်များနဲ့အညီ ကိုက်ညီမှုရှိမရှိ နားလည်မှုစာချွန်လွှာ၊ စာချုပ်ပါသဘောတူညီချက်များနဲ့ ကိုက်ညီမှုရှိမရှိတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ထိန်းသိမ်းကြပ်မတ် စိစစ်ဆောင်ရွက်လျှက်ရှိပါကြောင်းနဲ့ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ထိရောက်သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်”
လွှတ်တော်မှာ မေးခွန်းမေးမြန်းရတာနဲ့ ပတ်သက်ပြီး ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လွှတ်တော်အပြီးမှာ သတင်းထောက်တွေကို အခုလိုရှင်းပြပါတယ်။
“NGO, INGO တွေ ဝင်လာခြင်းအားဖြင့် ကျမတို့နိုင်ငံကို တစ်ဖက်တစ်လမ်းက ကူညီတဲ့အတွက် ကျမတို့က နားလည်သဘောပေါက်တယ်၊ ဒါပေမယ့် ကောင်းကျိုးကိုလုပ်ရင် ကျမတို့လက်ခံတယ်၊ တခါတလေ ဆိုးကျိုးတွေပါလာတယ်၊ အဲဒီဆိုကျိုးတွေကြောင့် ပဋိပက္ခတွေ ပိုကြီးထွားလာတယ်”
ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်လုပ်ကိုင်နေတဲ့ ပြည်တွင်းအခြေစိုက် NGOအဖွဲ့အစည်း၎ ဖွဲ့၊ နိုင်ငံတကာအခြေစိုက် INGO ၁၅ ဖွဲ့ရှိကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ကပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ NGOအဖွဲ့အစည်းတွေက ဝန်ထမ်း ၁ဝ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းမှာ အများစုကို သမ္မတရဲ့ သက်ညှာခွင့်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
RFA