ဆောင်းနှင်းဝေေ၀

White Star | 水曜日, 12月 18, 2013 |


P-s-18-12
မန္တလေးမြို့တွင် ဒီဇင်ဘာ ၁၆ ရက် နံနက်က မြူနှင်းများ ကျရောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
မြန်မာနိုင်ငံ၏ သဘာဝ ရာသီဥတုတွင် နွေ၊ မိုး၊ ဆောင်းဟူသော ရာသီဖြင့် လည်ပတ်နေလျက်ရှိသည်။ တစ်နှစ်၏ တစ်ဆယ့်နှစ်လ အချိန်ကာလကို နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးလီဖြင့် လေးလလျှင်တစ်ကြိမ် ပိုင်းခြားကာ သဘာဝ အခြေအနေကို ခေါ်ဆိုသတ်မှတ်ထားသည်။ ဆောင်းရာသီ၏ အချိန်ကာလသည် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှသည် တပေါင်းလပြည့်နေ့အထိ ဖြစ်သည်။ ဟေမန္တဆောင်းဥတုဟူ၍ သတ်မှတ်ခေါ်ဆိုသည်။
မိုးရာသီအလွန် ဆောင်းရာသီအကူး ဆောင်းဦးရာသီ တန်ဆောင်မုန်းလတွင် မြောက်ပြန်လေညင်းနှင့်အတူ နံနက်ခင်း၌ မြူနှင်းမှုန်များကို တဖွဲဖွဲ မြင်တွေ့ရစမြဲ ဖြစ်သည်။ ဆောင်းရာသီသည် နွေမိုးဆောင်း ဥတုသုံးမျိုးတွင် အသာယာဆုံးနှင့် နှစ်သက်ကြည်နူးဖွယ် အကောင်းဆုံးသော အချိန်အခါဖြစ်သည်။ နွေရာသီကဲ့သို့ ပူပြင်းခြောက်သွေ့သော ရာသီဥတုမျိုး မရှိ။ မိုးရာသီကဲ့သို့ စွတ်စိုထိုင်းမှိုင်းလွန်းသော ရာသီမျိုးလည်း မဟုတ်ပေ။ ဆောင်းရာသီ၏ အရုဏ်ဦး နံနက်ခင်းအချိန်မှ စတင်၍ အေးမြသော နှင်းမှုန်များနှင့်အတူ လေနုအေးကလည်း တိုက်ခတ်နေသောကြောင့် စိတ်နှလုံးကို အေးမြကြည်လင်စေသည်။ အရုဏ်ဦး၏ အလင်းရောင် အအေးဓာတ်နှင့်အတူ သာယာအေးချမ်းနေသည့် နှင်းစက်နှင်းမှုန် ကလေးများသည် သစ်ပင်များ၏ အရွက်များ၊ အကိုင်းအခက်များတွင် ဟီးလေးခိုနေကြသည်။
နံနက်ခင်း၏ နေရောင်ခြည် ထွက်ပေါ်လာချိန်တွင် သစ်ရွက်၊ သစ်ခက်များတွင် ဟီးလေးခိုနေသော နှင်းစက်မှုန်မှုန် ကလေးများသည် မြေသို့သက်ဆင်းသွားကြသည်။ ဆောင်းရာသီ နံနက်ခင်း၏ မြင်ကွင်းသည် စိမ်းစိုတက်ကြွလျက် အားမာန်သစ်ကို ဆောင်လျက်ရှိသည်။
ဆောင်းရာသီ၏ သဘာဝပတ်ဝန်းကျင် မြင်ကွင်းများသည် စိတ်ကြည်နူးလန်းဆန်းဖွယ် ဖြစ်သည်။ တောတောင်ပတ်ဝန်းကျင်နှင့် သစ်ပင်ပန်းမန်များသည် ရွှန်းစိုသော နှင်းရည်နှင်းစက်များဖြင့် စိမ်းလန်းစိုပြည် တင့်ဆန်းသာယာနေသည်။ တောတောင်ပတ်ဝန်းကျင်အတွင်း ဖြတ်သန်းစီးဆင်းနေသော မြစ်ချောင်းများသည်လည်း သာယာငြိမ့်ညောင်းသော ရေအလျဉ်ဖြင့် တသွင်သွင် တငြိမ့်ငြိမ့် စီးဆင်းနေသည်။ မြစ်ချောင်းများ၏ ပတ်ဝန်းကျင်တွင် ရှိနေသော သစ်ပင်တောတောင်များသည်လည်း ဆောင်းရာသီ၏ အအေးဓာတ် အငွေ့အသက်များ လွှမ်းခြုံမှုဖြင့် သဘာဝပတ်ဝန်းကျင် တစ်ခွင်လုံးတွင် စိမ်းစိုနုပျို သစ်လွင်လျက်ရှိသည်။ ဆောင်းရာသီ သဘာဝသွင်ပြင် အလှကို ခေတ်အဆက်ဆက်၏ မြန်မာ့စာဆိုရှင် အမြောက်အမြားတို့သည် ကဗျာလင်္ကာ အဖွဲ့အနွဲ့မျိုးစုံဖြင့် သီကုံးမှတ်တမ်းတင်မှု ပြုခဲ့ကြသည်။
ကုန်းဘောင်ခေတ် စာဆိုကျော် လက်ဝဲသုန္ဒရ အမတ်ကြီး၏ မဲဇာတောင်ခြေ ပိုဒ်စုံရတုတွင် ဆောင်းရာသီ၏ သဘာဝနှင့် ရာသီဥတု အလှအပကို -
"တစ်တောင်လုံးမှိုင်း၊ စရွှေ့ဆိုင်းသော၊ တောင်တိုင်းယှက်၍၊ ၀န်းကာဝေ့သည်၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့် လေလည်းရောရာ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်" ဟူ၍ ဖွဲ့ဆိုမှတ်တမ်း တင်ခဲ့သည်။
နှင်းမှုန်ကလေးများ တဖွဲဖွဲကျဆင်းလာချိန်မှ စတင်ခဲ့သော ဆောင်းရာသီသည် သဇင်နှင့် ခွာညိုပန်းများ ဖူးပွင့်သော နတ်တော်လနှင့် ပြာသိုလတွင် ခိုက်ခိုက်တုန်အောင် အေးမြလှသည်။ ထို့ကြောင့်ပင် ကုန်းဘောင်ခေတ်နှောင်း စာဆိုတော်ကြီး အချုပ်တန်း ဆရာဖေသည် ဆောင်းရာသီ၏ အအေးလွန်ကဲမှု ခံစားရပုံကို ဆောင်းရတုပွဲ လေးချိုးကဗျာဖြင့် -"ငွေနှင်းငယ်မှုန်၊ လေညင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင်၊ လမ်းဆုံက ဟစ်ချင်တော့" ဟူ၍ ဆောင်းရာသီ မန္တလေး၏ အအေးလွန်ကဲပုံကို ဖွဲ့ဆိုခံစား . . . . .
ထိုနည်းတူ ပင်းယခေတ်စာဆိုရှင် ငါးစီးရှင်ကျော်စွာသည်လည်း မြင်စိုင်းရွှေပြည် ကာချင်းကဗျာတွင် မြင်စိုင်းရွှေပြည်၏ ဆောင်းရာသီဖြစ်သော ပြာသိုလ၏ သဘာဝ အလှအပကို-
"နွယ်ပန်းခွာညို ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်" ဟူ၍ သီကုံးဖွဲ့ဆိုခဲ့သည်။
ဆောင်းရာသီတွင် တောင်သူလယ်သမားတို့၏ လယ်ယာမြေများ အလှအပသည်လည်း ရှုမငြီးဖွယ် ဖြစ်သည်။ တစ်မျှော်တစ်ခေါ် ဖြစ်နေသော လယ်မြေများတွင် ကောက်ပဲသီးနှံများသည် ၀င်းမှည့်ကာ ရွှေဝင်းဝါသကဲ့သို့ လည်းကောင်း၊ ရွှေဝါရောင် ကမ္ဗလာကြီး ခင်းကျင်းထားသကဲ့သို့ လည်းကောင်း ၀င်းဝါစိုပြည် တင့်တယ်နေသည်။ စပါးသီးနှံများ၏ ရွှေရည်ဝင်းနေသော ကောက်နှံစပါး အညွန့်အဖူးများသည် မြောက်ပြန်ဆောင်းလေညင်း၏ ညင်သာစွာ ဝေ့၀ိုက်၍ တိုက်ခတ်မှုကြောင့် ကိန္နရီများ ကနေသည့်နှယ် ယိမ်းနွဲ့လှပနေသည်။ ဆောင်းရာသီ၏ လယ်ကွင်းများမှ စပါးနှံများ၏ဟန်သည် နှစ်သက်လေးစားဖွယ် ဖြစ်သည်။
ဆောင်းရာသီတွင် လစဉ်အလိုက် ရာသီပန်းမျိုးများသည်လည်း စုံစုံလင်လင် ဖူးပွင့်ဝေဆာနေသည်။ တန်ဆောင်မုန်းလတွင် ခ၀ဲပန်း၊ နတ်တော်လတွင် သဇင်ပန်း၊ ပြာသိုလတွင် ခွာညိုပန်း စသည့်ပန်းများဖြင့် ဖူးပွင့်ဝေစည်နေသည်။ ဆောင်းရာသီ၏ ဖူးပွင်နေသော ပန်းပေါင်းစုံတို့အနက် ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် သဇင်ပန်းကို ပန်းမြတ်တော်ဝင်အဖြစ် အလေးအမြတ် ထားခဲ့သည်။  "ဘုန်းနှင့်ကံနှင့် ရွှေသဇင်" ဟူ၍ပင် တင်စားခေါ်ဆိုခဲ့ကြသည်။ ဆောင်းရာသီ၏ မြန်မာ့တော်ဝင်ပန်းဖြစ်သော သဇင်ပန်း၏ ဂုဏ်ရည်ကို ကုန်းဘောင်ခေတ်စာဆိုကျော် ဦးတိုး၏ "ဘုန်းနှင့်ကံနှင့် ရွှေသဇင်" ရကန်ကဗျာတွင်-
"စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊
နေရောင်မခ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဖက်၊
ခက်လက်စိမ်းမြ၊ မိုးမခဘူး၊ နေလသန်ပေါက်၊
ယဉ်ချိန်ရောက်ခါမှ၊ နှင်းသောက်    ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေဆင်ကြတယ်" ဟူ၍ ဖွဲ့ဆိုဂုဏ်တင်ခဲ့သည်။
မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ပျော်ပွဲရွှင်ပွဲ အသီးသီးကို ခမ်းနားထည်ဝါစွာ ရှေးခေတ်အဆက်ဆက်မှသည် ယခုအချိန်ထိ ကျင်းပခဲ့ကြသည်။ ဆောင်းဦးကာလ တန်ဆောင်မုန်းလ၏ ကထိန်ပွဲ၊ နတ်တော်လ၏ စာဆိုတော်ပွဲ၊ ပြာသိုလ၏ မြင်းခင်းသဘင်ပွဲ၊ တပို့တွဲလ၏ ထမနဲပွဲ၊ တပေါင်းလ၏ ဘုရားပွဲတော်များသည် သမိုင်းဝင် ရာသီပွဲတော်များ ဖြစ်ကြသည်။ ဆောင်းရာသီ၏ လစဉ်ပွဲတော်များကို ရှေးခေတ်အဆက်ဆက်တွင် မင်းနှင့်ပြည်သူတို့ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြမှုများကို ကုန်းဘောင်ခေတ်စာဆို ဦးယာ၏ ဆယ့်နှစ်လရာသီဘွဲ့ အဲချင်းများတွင် "တန်ဆောင်မုန်းလဖွဲ့မှသည် တပေါင်းလဖွဲ့များ၌ ခေတ်ကြေးမုံဖြစ်ရေး" သီကုံးမှတ်တမ်း တင်ခဲ့သည်။
စာဆိုဦးယာ၏ ဆယ့်နှစ်ရာသီဖွဲ့ အဲချင်းကဗျာ၌ ပြာသိုလ၏ မြင်းခင်းသဘင်ပွဲ မြင်ကွင်းကို -
"မြင်းခင်းပွဲတော် နွယ်ပန်းပေါ်၍၊
စင်ရော်ဝမ်းဘဲ၊ ငွေသောင်သဲတွင်၊
ဆကဲကြင်နာ၊ ငှက်ကြိုးကြာတို့
သံသာရင့်ကျူး၊ ပျော်ကြမြူးလျက်၊
ညွန့်ဖူးစိုစို၊ ပန်းခွာညိုလည်း" ဟူ၍ သဘာဝအလှနှင့် ယှဉ်တွဲဖော်ပြ ဖွဲ့ဆိုခဲ့သည်။
ဆောင်းရာသီဦးဖြစ်သော တန်ဆောင်မုန်းလ၏ နှင်းမှုန်ကလေးများ တဖွဲဖွဲကျဆင်းလာချိန်မှ စတင်ခဲ့သော ဆောင်းရာသီသည် သဇင်နှင့် ခွာညိုပန်းများ ဖူးပွင့်သော နတ်တော်လနှင့် ပြာသိုလတွင် ခိုက်ခိုက်တုန်အောင် အေးမြလှသည်။ ထို့ကြောင့်ပင် ကုန်းဘောင်ခေတ်နှောင်း စာဆိုတော်ကြီး အချုပ်တန်း ဆရာဖေသည် ဆောင်းရာသီ၏ အအေးလွန်ကဲမှု ခံစားရပုံကို ဆောင်းရတုပွဲ လေးချိုးကဗျာဖြင့် -
"ငွေနှင်းငယ်မှုန်၊ လေညင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင်၊ လမ်းဆုံက ဟစ်ချင်တော့" ဟူ၍ ဆောင်းရာသီ မန္တလေး၏ အအေးလွန်ကဲပုံကို ဖွဲ့ဆိုခံစား တင်ပြခဲ့သည်။
ဆောင်းနှင်းရာသီဖြစ်သော တပို့တွဲလ အကုန်နှင့် တပေါင်းလဆန်းပိုင်းတွင်မူ နှင်းမှုန်နှင်းစက်များ တဖြည်းဖြည်းနည်းလာ စဲလာခဲ့ပြီး နံနက်ခင်း အချိန်၌ နှင်းမှုန်တို့အစား မြူမင်းလွင်များ ဝေ့ဆိုင်းလာခဲ့သည်။ နှင်းကြွးင်းနှင်းကျန်များသည် ဆောင်းရာသီကို နှုတ်ဆက်မှုနှင့်အတူ ဆောင်းနှင်းရာသီတွင် မြူခိုးမင်းလွင်များ ဝေ့ဆိုင်းကာ ဆောင်းအကုန် နွေအကူးသို့ ဖန်တီးစေခဲ့သည်။
မြန်မာ့ရာသီခွင်၏ နွေမိုးဆောင်းသုံးရာ သီစက်ဝန်းတွင် ဆောင်းရာသီသည် နွေရာသီနှင့် မိုးရာသီတို့ထက် ရာသီဥတုမျှတသော သဘောရှိသည်။ လူသားတို့အတွက် နှစ်သက်မက်မောဖွယ်ကောင်းသော ဆောင်းရာသီ၏ သဘာဝအလှကို ကဗျာဆရာကြီး ရာမရကန် ဦးတိုးက "ယဉ်ချိန်ရောက်ခါမှ" ဟူ၍ တင်စားဖွဲ့ဆိုခဲ့သည်။ "ယဉ်ချိန်" ဟူသော တင်စားချက်မှာ နွေမိုးဆောင်း ဥတုသုံးလီတွင် ဆောင်းရာသီသည် အသာယာဆုံး၊ အယဉ်ဆုံးအချိန် ဖြစ်သည်ဟူ၍ ၀ိသေသပြုခဲ့ခြင်း ဖြစ်သည်။
ဆောင်းရာသီ၏ နံနက်ခင်းအလှနှင့် သဘာဝသည် သာယာဟန် ပြည့်ဝနေသည်။ သဘာဝလောက၏ အားလုံးနှင့်အတူ သက်ရှိတို့၏ အားမာန်ပြည့်ဝစေသော အခါသမယလည်း ဖြစ်သည်။ ဆောင်းနံနက်ခင်း၏ သာယာကြည်နူးဖွယ် ရာသီဥတုအေးမြ ကြည်လင်လတ်ဆတ်သောလေကို တ၀ကြီး ရှူသွင်းခံစား၍ ကျန်မာရေးအတွက် လမ်းလျှောက်ထွက်ကြသော ရဟန်းရှင်လူ အပေါင်းတို့အတွက် လည်းကောင်း၊ နံနက်ခင်း အလုပ်ခွင်နှင့် စာသင်ကျောင်းများသို့ လျှောက်လှမ်းနေသော လုပ်သားများ၊ ကျောင်းသားများ၏ စိတ်ဓာတ်အားမာန်ကို လည်းကောင်း၊ တစ်နေ့တာအတွက် စတင်လှုပ်ရှားရမည့် အားအင်သစ်၊ ခွန်အားသစ်၊ ဥာဏ်စွမ်းသစ်များကို ဖွံ့ဖြိုးနေစေသည်။
ထို့ကြောင့် ဆောင်းရာသီ၏အလှ၊ ဆောင်းနှင်းဝေေ၀၏ အလှအပများတွင် ဆောင်းရာသီ၏ နံနက်ခင်း သဘာဝအလှသည် သဘာဝအားမာန် နိုးကြားမှု အလှကို ဖော်ဆောင်နေသာ သဘာဝအလှနှင့် လောကအလှကို တန်ဆာဆင်လျက် ရှိနေပေသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ