ရွှေတိဂုံစေတီတော်၏ ၂၆၀၂ နှစ်မြောက် တပေါင်းလပြည့်နေ့တွင် ပဋ္ဌာန်းရေစင် ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကား

တပေါင်းလပြည့်နေ့တွင် သံဃာတော်အပါး ၁၂၀ မှ ၁၀ ရက်တိုင် ရွတ်ဖတ် ပူဇော်ထားသည့် ပဋ္ဌာန်းရေစင်ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကားနေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၀၂ နှစ်မြောက် တပေါင်းလပြည့်နေ့တွင် သံဃာတော်အပါး ၁၂၀ မှ ၁၀ ရက်တိုင် ရွတ်ဖတ်ပူဇော်ထားသည့် ပဋ္ဌာန်းရေစင် ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
သံဃာတော်များ ရွတ်ဖတ်ပူဇော်ထားသည့် ပဋ္ဌာန်းရေစင်ကိုယူဆောင်မည့် ဘုရားဖူးပရိသတ်များပြားသဖြင့် သံပန်းအကာအရံများအတိုင်း အလှည့်ကျစနစ်ဖြင့် ၀င်ရောက်ကာ အချိန်နာရီဝက်ခန့် ကြာအောင်တန်းစီစနစ်ဖြင့် စောင့်ဆိုင်းကာ ရယူခဲ့ရကြောင်း ဘုရားဖူးပရိသတ်များက ပြောကြားသည်။
အဆိုပါ ပဋ္ဌာန်းရေစင်ကို ဘုရားဖူးပရိတ်သတ်များ ယူဆောင်နိုင်ရန် ရွှေတိဂုံစေတီတော် အထက်ပစ္စယံ တံမြက်လှည်းအသင်းမှ ကြီးမှူး၍ ၎င်းအသင်းမှ မဟာပဋ္ဌာန်း ပရိတ်ချည်ကြိုးလေးမျိုး၊ မဟာပဋ္ဌာန်း အလွတ်ကျက်မှတ်နည်းစာအုပ်အသေးနှင့် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ၏ တရားခွေများကိုပါ ရေစင်လာရောက်ယူဆောင်သူများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
“တစ်နှစ်မှ တစ်ခါ ဒီလိုယုံယုံကြည်ကြည်နဲ့ အသင်းသား/သူတွေ အားလုံးစုပေါင်းပြီး ဒီလိုဒါနမျိုး လုပ်ရတာပါ။ ပဋ္ဌာန်းရေလာယူတဲ့ ဘုရားဖူးပရိသတ်များပေမယ့် စေတနာထက်သန်စွာ လှူဒါန်းနိုင်လို့ အားလုံးပီတိတွေ ဖြစ်ရပါတယ်”ဟု ရွှေတိဂုံစေတီတော် အထက်ပစ္စယံ တံမြက်လှည်းအသင်း မှ အမှုဆောင်ဖြစ်သူ ဦးခင်မောင်ဝင်းက ပြောကြားသည်။
တပေါင်းလပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင်မှ မိမိ၏ မွေးဖွားရာဒေသဖြစ်သည့် ကပိလ၀တ်ပြည့်သို့ ဖွားဖက်တော် ကာဋ္ဌုဒါယီအမတ်၏ လျှောက်ထားချက်ဖြင့် ဆွေမျိုးတော်တို့ကို ချီးမြောက်ရန်ကြွလှမ်းသောနေ့ ဖြစ်သဖြင့် “ပြည်တော်ဝင်နေ့”ဟု လည်းခေါ်ဆိုကာ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘုရားစေတီများတွင် နေ့ထူးနေ့မြတ်တစ်ခုအဖြစ် အလှူအတန်းများ ပြုလုပ်သည့်နေ့လည်း ဖြစ်သည်။
“အန်တီတို့ကုမ္ပဏီက ဒီနေ့တပေါင်းလပြည့်နေ့မှာ အလှူဒါနအနေနဲ့ ရွှေတိဂုံဘုရားလာဖူးတဲ့ ပရိသတ်တွေကို ဖျော်ရည်အလှူ လုပ်တာပါ။ အားလုံးလူဦးရေ ရှစ်ထောင်ကနေ တစ်သောင်းကြား လှူဒါန်းနိုင်မယ်လို့ ရည်ရွှယ်ထားပြီး မွန်းလွဲ ၂ နာရီကတည်းက လှူနေတာပါ” ဟု Governor' Residence ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီမှ HR ဒါရိုက်တာ ဒေါ်ခင်အေးမူက ပြောကြားသည်။

Category: