အမျိုးသားပညာရေး ဥပဒေကြမ်းနှစ်ခု လွှတ်တော်ကော်မတီနှင့် ၀န်ကြီးဌာနတို့မှ လွှတ်တော်သို့ တင်သွင်း

hnm | 土曜日, 3月 15, 2014 |



အမျိုးသားပညာရေး ဥပဒေတစ်ခု ပေါ်ပေါက်လာရေးအတွက် "အမျိုးသားပညာရေး ဥပဒေကြမ်း" နှစ်ခုအား ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီနှင့် ပညာရေး ၀န်ကြီးဌာနတို့မှ လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးရန် မတ် ၁၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်၌ တစ်ပြိုင်နက်တည်း တင်သွင်းခဲ့သည်။

မြန်မာနိုင်ငံ၌ ပညာရေးတိုးတက်မှု ဆောင်ရွက်ရာတွင် ကဏ္ဍအသီးသီးအား မူကြိုကဏ္ဍမှ အဆင့်မြှင့်ကဏ္ဍထိ အသက်မွေးဝမ်းကျောင်း အပါအ၀င် ကဏ္ဍအသီးသီး ချိတ်ဆက်ပြီး နိုင်ငံတော်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည့် ပညာရေးဥပဒေကြမ်း ဖြစ်သော "အမျိုးသားပညာရေးဥပဒေ" ပြဋ္ဌာန်းရန် အဓိက လိုအပ်လာသဖြင့် အဆိုအား တင်သွင်းရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းက အဆိုတင်သွင်းစဉ် ပြောကြားသည်။

လွှတ်တော်ကော်မတီမှ တင်သွင်းသော ဥပဒေကြမ်း၌ ကျောင်းသင်ပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ကိုယ်တိုင်လေ့လာ သင်ယူသော ပညာရေးစသည်ဖြင့် ပညာရေးကဏ္ဍများကို ဆောင်ရွက်ရမည့် အခြေခံမူများကို ဖော်ပြထားကြောင်း၊ ကျောင်းသင် ပညာရေးစနစ်တွင် ကဏ္ဍတစ်ခုနှင့် တစ်ခု ချိတ်ဆက်နိုင်ရန် အခန်းများ ပါရှိကြောင်းနှင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေဓ လေ့ထုံးတမ်းများ တိုးတက်ကောင်းမွန် စေရန်အတွက် ဆောင်ရွက်ရမည့် အခန်းများလည်း ပါဝင်ကြောင်း ဒေါက်တာချမ်းငြိမ်းက ပြောကြားသည်။

"ကျောင်းသင်ပညာရေး စနစ်သည် ကျောင်းသားများရဲ့ စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ဖြည့်ဆည်းပေးရန် ဆောင်ရွက်ချက်များလည်း ပါရှိပါတယ်။ သို့ဖြစ်၍ နိုင်ငံသားတိုင်း ပညာသင်ယူခွင့်ရရှိရေး ပြည်ထောင်စုစိတ်ဓာတ် နိုင်ငံချစ်စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရေး၊ ကိုယ်ကျင့်တရားမြင့်မားပြီး ဘက်စုံထောင့်စုံဖွံ့ဖြိုးသည့် နိုင်ငံသားကောင်းများ မွေးထုတ်ရေး၊ ခေတ်မီပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေး၊ တီထွင်ကြံဆ သုတေသန ပြုနိုင်ရေးအပြင် လူသားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတွင် ယခင်က မရှိခဲ့သေးသော ကွက်လပ်ဖြစ်နေသည့် ဤဥပဒေကို ပြဋ္ဌာန်းပေးရန် အဓိက လိုအပ်နေကြောင်း ရှင်းလင်းတင်ပြ လိုပါတယ်" ဟု ဒေါက်တာချမ်းငြိမ်းက ဆိုသည်။

အလားတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပညာရေးဝန်ကြီးဌာနမှ တင်သွင်းသည့် "အမျိုးသားပညာရေး ဥပဒေကြမ်း" သည် ပညာရေး ၀န်ကြီးဌာနက တာဝန်ယူထားသည့် တက္ကသိုလ်များနှင့် ဆက်စပ်ဝန်ကြီးဌာနများက တာဝန်ယူထားသည့် ကျောင်းများအတွက် သာရေးဆွဲထားသည့် ဥပဒေမဟုတ်ဘဲ ပြည်သူ့အခြေပြု ဆွေးနွေးပွဲများက ရရှိသည့်အချက်များကို အခြေခံပြီး ရေးဆွဲထားကြောင်းနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ ပညာရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ အကျေအလည် ဆွေးနွေးကာ ရေးဆွဲထားသည့် အခြေအနေများ ရှင်းလင်းပြောကြားပြီး ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကော်မတီနှင့် ၀န်ကြီးဌာနတို့မှ တင်သွင်းသည့် ဥပဒေနှစ်ခုကြမ်းအား တစ်ပေါင်းတည်း ဆွေးနွေးရန် ယူဆသဖြင့် လွှတ်တော်မှ တစ်ပေါင်းတည်း ဆွေးနွေးရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်မှလည်း တစ်ပေါင်းတည်း ဆွေးနွေးရန် သဘောတူခဲ့ပြီး ဥပဒေကြမ်းများအား ဥပဒေကြမ်းကော်မတီနှင့် သက်ဆိုင်ရာ ကော်မတီသို့ လွှဲပြောင်းမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

 ငြိမ်းဇော်လင်း၊ ကျော်ဇင်ဝင်း
EMG

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ