အခြေချနေထိုင်ခြင်း

White Star | 水曜日, 3月 05, 2014 |

သမီးကလေးကျေးရွာကို ဖယ်ရှားခဲ့ပြီးနောက် ယာယီတဲများဖြင့် နေထိုင်နေကြသော ဒေသခံများအား ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မွေးဖွားရာနေရာ

လူသားတစ်ယောက် မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် အခြေချ နေထိုင်ရမယ့် နေရာတစ်ခု မလွဲမသွေ လိုအပ်လာပါတယ်။ အခြေချနေထိုင်တဲ့ နေရာတစ်ခု ရပါမှ လူသားအတွက် ရှင်သန်ခွင့်၊ ကြီးပြင်းခွင့်၊ လူသားတစ်ယောက်ဖြစ်ခွင့် ရလာမှာဖြစ်ပါတယ်။

လူသားဖြစ်ခွင့် အစဟာ အခြေချနေထိုင်တဲ့ နေရာမှ စတင်ရပါတယ်။

တစ်ခါက UND ရဲ့ စီမံချက်တစ်ခုအတွက် ချင်းပြည်နယ်ကို CTA ကိုရီးယားအမျိုးသမီး Ms.Lee နဲ့အတူ သွားရောက်ဖူးပါတယ်။ လမ်းမှာ သစ်သားလုံးတွေ ဖြုတ်ရ၊ တပ်ရလွယ်တဲ့ ရွှေ့ပြောင်းအိမ်တွေကို တွေ့ရပါတယ်။ ကားကလည်း ခေတ္တရပ်တာနဲ့ ကြုံကြိုက်လို့ ကားပေါ်ကဆင်းပြီး လေ့လာရေး (စပ်စုရေး) လုပ်လိုက်ပါတယ်။

အိမ်တွေဟာ ရာသီအလိုက် ရွှေ့ပြောင်းနေရကြောင်း၊ အစာရေစာ ပေါများမှု၊ စပါးစိုက်ပျိုးနိုင်မှုပေါ် မူတည်၍ ပြောင်းရွှေ့နေထိုင်တတ်ကြောင်း၊ မိုးတွင်းမှ တောင်ကျရေ မစီးဆင်းတဲ့ တောင်ကွယ်မှာ နေရကြောင်း၊ တောင်ဆင်းတောင်တက်လုပ်ရင်း အစာရှာဖွေရတာ ခက်ခဲပါကြောင်း ပြောပြပါတယ်။ ဒါနဲ့ သူတို့စိတ်ကို စမ်းလိုတာကြောင့် ဒါဆို မြို့ပေါ်ပြောင်းနေပါလား။ ခေါ်သွားပြီး နေရာရှာပေးမယ်လို့ပြောတော့ ခေါင်းကိုတွင်တွင်ခါပြီး မလိုက်လိုကြောင်း၊ မခေါ်ပါနဲ့လို့ အတန်တန်ပြောပါတယ်။ ဒါနဲ့ တကယ်မခေါ်ပါဘူးဗျာ ခင်ဗျားတို့ ဒီမှာပျော်ရင် ဒီမှာပဲနေကြပါလို့ ဆိုလေမှ ပြုံးပြုံးရယ်ရယ် ဖြစ်သွားပြီး ကျေးဇူးတင်ကြောင်း ပြန်ပြောပါတယ်။

ဒါနဲ့ ကားပေါ်ပြန်တက်ပြီး Ms.Lee ကို မေးကြည့်လိုက်ပါတယ်။ သူတို့ ဒီလောက်ခက်ခဲ ကြမ်းတမ်းတဲ့ဘ၀ထဲက ရုန်းထွက်ပြီး ဘာဖြစ်လို့ အေးအေးချမ်းချမ်း နေရတဲ့ မြို့ပေါ်လိုနေရာမှာ မနေချင်တာလဲ။ ခင်ဗျား ဘယ်လိုသဘောရသလဲ။ Ms.Lee က အတန်ကြာစဉ်းစားပြီး ခပ်တိုတို ပြန်ပြောပါတယ်။ Because they were born here မွေးဖွားရာ ဇာတိမြေဟာ လူသားတို့ရဲ့ ပထမဆုံး ထိတွေ့ရတဲ့ လောကတစ်ခု။ ဘ၀တစ်ခု ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဘ၀ရဲ့ ပထမဆုံး ထိတွေ့တဲ့နေရာဟာ သေတစ်ပန်သက်တစ်ဆုံး ခေါင်းချသည်အထိ နေထိုင်ချင်ကြတာ လူသားတစ်ဦးချင်းစီရဲ့ သဘာဝဆန္ဒပါ။

သဘာဝဆန္ဒ

လူတွေရဲ့ သဘာဝဆန္ဒတွေဟာ အတော်အတန် များပြားပါတယ်။ ဒီဆန္ဒတွေကပဲ လူ့ဘ၀ကို တည်ဆောက်ကြတာပါ။ ဆန္ဒတွေက ဘာတွေလဲ။ မွေးဖွားတဲ့နေရာရဲ့ ရေမြေတောတောင် သဘာဝနဲ့အညီ လူသားတစ်ယောက်ဟာ မွေးဖွားဖို့ သဘာဝက ပြင်ဆင်ပေးပါတယ်။ အသားအရောင်က နေရောင်ရဲ့ ထိတွေ့နိုင်ဖို့ ပြင်ဆင်ပေးပါတယ်။ အာဖရိကတိုက်မှာ မွေးဖွားလာသူက အီကွေတာရပ်ဝန်းထဲ ကျရောက်နေတာကြောင့် အသားအရောင် မဲနေပါတယ်။ အအေးဓာတ်ရနေတဲ့ မြောက်ယာဉ်စွန်းတန်း ရပ်ဝန်းမှ တရုတ်ပြည်က မွေးလာသူတွေက အသားအရောင် ဖြူနေပါတယ်။ ထို့အတူ အရေပြား အထူအပါးကလည်း မွေးဖွားရာ နေရာအလိုက် ကွဲပြားပြန်ပါတယ်။

အသေးစိတ် ခွဲခြမ်းဖိတ်ဖြာကြည့်ရင် လေထုထဲပါဝင်တဲ့ စိုထိုင်းဆ၊ အောက်ဆီဂျင်၊ နိုက်ဒရိုဂျင်၊ ဟိုက်ဒရိုဂျင် အချိုးအဆအလိုက် အသက်ရှူရ အဆင်ပြေဖို့ လူ့ကိုယ်ခန္ဓာကလီစာ၊ အဆုတ်တွေက ပြင်ဆင်ပေးပါတယ်။ ဖွဲ့စည်းပေးပါတယ်။

ဒီလို မွေးဖွားတဲ့နေရာနဲ့ သဘာဝက လိုက်လျောညီထွေ ရှင်သန်နိုင်အောင် ပြင်ဆင်ပေးလိုက်လို့ လူသားလေးဟာ ကလေးအရွယ် လူမမည်အရွယ်မှ သုံးနှစ်သားအရွယ် မောင်နွယ်ဖူးအဖြစ် ကြီးပြင်းလာပါတယ်။

သူနဲ့အတူ မွေးဖက်ရွယ်တူ သူငယ်ချင်းတွေ ရလာပါပြီ။ တချို့က အိမ်နီးချင်းကစားဖော်၊ တချို့က တစ်လမ်းကျော်က ကစားဖော် သူငယ်ချင်းတွေကို မျှော်တဲ့အခါမျှော်။ ကိုယ်ကသွားခေါ်တဲ့အခါခေါ်။ ဒီလိုနဲ့ ကစားဖော်တွေနဲ့ ပျော်နေကြတာ။ ဘ၀ဟာ ပျော်စရာကြီးပဲ။

ကုက္ကိုပင်အောက်မှာ၊ ပိတောက်ပင်အောက်မှာ ပြေးလွှားခဲ့တာ။ ရေမြောင်းတွေထဲ၊ ချောင်းစပ်တွေထဲ ရွှံ့ဗွက်တွေနှိုက်ရင်း ကျီစယ်နောက်ပြောင်၊ စိတ်ကောက်၊ ရန်ဖြစ်၊ ပြန်ချစ်ကြတာ။ ရွာထိပ်က လယ်ကွင်းကျယ်ကြီးကို ငေးငေးကြည့်ရတာ။ ဘ၀ရဲ့အစ။ မေ့နိုင်စရာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။
အခြေချနေထိုင်မိတဲ့ နေရာကို ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ ခွဲခွာမသွားလိုကြပါဘူး။ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတိုင်း မိမိနေရာဒေသကို ပြန်လည်တမ်းတ နေကြမယ်ဆိုတာ အသေအချာပါ။ ကစားခဲ့တဲ့ လယ်ကွင်း၊ အရိပ်ခိုခဲ့တဲ့ သစ်ပင်၊ ဆော့ကစားခဲ့တဲ့ ရေစပ်၊ ကူးခပ်ခဲ့တဲ့ ချောင်းရိုး၊ အဆိုကျော် တွံတေးသိန်းတန်ရဲ့ သီချင်းထဲကလို... မေ့နိုင်ပါ့မလား မင်းတို့ငါတို့ ငယ်ငယ်တုန်းကလေ။ ဟေ့ သူငယ်ချင်းရေ ... ဒါကြောင့် အခြေချနေထိုင်မှုဘ၀ကို လွယ်လွယ်ကူကူ အတွေးတိမ်တိမ်နဲ့ မဆုံးဖြတ်ကြဖို့ . . . . .
 
ဒီလိုနဲ့ ငါးနှစ်အရွယ် ကျောင်းတက်ရမယ့် လူသားလေး ဖြစ်လာပါတယ်။ ရွာနဲ့တော်တော်ဝေးတဲ့ နေရာက ကျောင်းလေးဟာ လူသားလေးအတွက် တစ်သက်မေ့မရတဲ့ ခေါင်းလောင်းသံတညံညံနဲ့ ကကြီး၊ ခခွေး စရေးတဲ့နေရာပေါ့။

စာသင်ရုံမကဘူး။ သူငယ်ချင်းအသစ်လည်း တွေ့ရတယ်။ ကစားရတယ်။ မုန့်တွေဝေစားကြတယ်။ ထမင်းတစ်ချိုင့်တည်း နှိုက်စားကြတယ်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပေါ့။ အခုတော့ လွမ်းလိုက်ရတာ။

အဖေလည်း ဒီနေရာမှာ အခြေချလာတာ လေး၊ ငါးနှစ် မကတော့ဘူး။ ရွာတောင်ဘက်က လယ်မြေမှာ စပါးစိုက်၊ ပြောင်းစိုက်နဲ့ ၀င်ငွေလေး မှန်မှန်ဝင်နေလို့ အဖေ့မျက်နှာ တပြုံးပြုံး ဖြစ်နေပါတယ်။ အမေကလည်း မေမြို့ပန်း၊ သစ္စာပန်း စတဲ့ဘုရားပန်းတွေ မြို့တက်ရောင်းနေတာလည်း အနေကြာလာလို့ ပုံမှန်ဖောက်သည်တွေရပြီး ပုံမှန်ငွေဝင်နေလို့ အမေ့မျက်နှာ ၀င်းပနေပြန်ပါတယ်။ ရွာထဲမှ ရွာသူများကလည်း ကိုပေါက်စရဲ့ လူမှုရေးစိတ်ဓာတ် ပြည့်ဝမှုကြောင့် ခင်မင်ရင်းနှီးရုံသာမက အားလည်းကိုးနေကြပါပြီ။

အသိုင်းအ၀ိုင်း

အသိုင်းအ၀ိုင်းတစ်ခု၊ အသိုက်အမြုံတစ်ခုဆိုတာ ရုတ်တရက် ဖွဲ့စည်းလို့ ချက်ချင်းပေါ်ပေါက်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ အတူနေကြရာမှ စိတ်ဓာတ်တူသူများ၊ ၀ါသနာတူသူများ၊ စီးပွားရေးဘ၀ တူသူများ၊ လူမှုရေးဘ၀ တူသူများ စတဲ့တူရာချင်း စုမိပြီး စိတ်ချင်းဆက်စပ်သွားပါမှ အဖွဲ့အစည်း (society) တစ်ခု ပေါ်ပေါက်လာတာပါ။ ထိုသို့မဟုတ်ဘဲ တစ်ခုခု မတူတာနဲ့ သီးခြားခွဲထွက် သွားတတ်ကြတာ လူ့သမိုင်းတစ်လျှောက်လုံးရဲ့ သဘာဝ။ ဒါကြောင့် လူ့သမိုင်းမှာ ဒေသအသီးသီးရဲ့ လူတွေပျံ့နှံ့ ရောက်ရှိကုန်ကြတာ ဖြစ်ပါတယ်။

ဆိုလိုချင်တာ အသိုင်းအ၀ိုင်း တစ်ခုခုဟာ လွယ်လွယ်ကူကူ ဖြစ်ထွန်းလာတာ မဟုတ်သလို။ အလွယ်တကူ ဖြိုခွင်းလိုက်လို့လည်း မရပါဘူး။ ဒါကို လျစ်လျူရှုပြီး ကျောက်ခဲ၊ အုတ်ခဲ ရောနေတာကို ခွဲထုတ်သလို အသိုင်းအ၀ိုင်းတစ်ခုထဲက လူများကို ခွဲထုတ်လို့ မရပါဘူး။

အခြေမဖျက်ပါနဲ့

တစ်နေ့တော့ အမိန့်တစ်ခု ရောက်လာပါတယ်။ ဘယ်ကကျလာတဲ့ အမိန့်မှန်း မသိပါဘူး။ နေလို့ထိုင်လို့ အခြေကျကာစ ဒီနေရာကနေ ခုနစ်ရက်အတွင်း ထွက်ခွာပေးဖို့ တစ်ချက်လွှတ်အမိန့် ရောက်လာပါတော့တယ်။ ဘယ်သူက ဒီလိုမျိုးအမိန့်တွေ ပေးနေတာလဲ။ အမိန့်တွေကို တားမြစ်ပေးဖို့ ဘယ်သူ့ကို တိုင်ရမလဲ။ ဘယ်သူ့ကို အားကိုးရမလဲ။ ဒီနေရာက ဖယ်ရှားခိုင်းနေတာ မောင်နွယ်ဖူးတို့ ဘယ်နေရာမှာ နေရမယ်ဆိုတာ အမိန့်ထဲမှာ မပါ,ပါဘူး။ ရောက်တဲ့အရပ်မှာ နွယ်လိုကုတ်ကပ်ပြီးမှ အဖူး,ဖူးရမယ့်ဘ၀မှာ ကုတ်ကပ်စရာမြေ မရှိတော့တဲ့ ဘ၀မျိုး ဆိုက်နေပါပြီ။

ခုတော့ မောင်နွယ်ဖူး၊ ကိုပေါက်စတို့က တစ်နေရာ။ ကိုပေါက်စရဲ့ ဆရာတော်ဦးတိက္ခက တစ်နေရာ။ ကိုပေါက်စရဲ့ မိတ်ဆွေတွေက တစ်နေရာ တစ်ချက်လွှတ် အမိန့်တွေနဲ့ ခွဲထုတ်ပစ်လိုက်ပါတယ်။

လူတွေဆိုတာ အုတ်ခဲတွေ မဟုတ်ဘူး။ သစ်သားတုံးတွေ မဟုတ်ဘူး။ ကျောက်တုံးတွေ မဟုတ်ဘူး။ ယူချင်တဲ့နေရာက ကောက်ယူပြီး ပစ်ချချင်တဲ့နေရာ ပစ်ချလိုက်လို့ မရဘူး။ နေထိုင်လာခဲ့တဲ့ လူအချင်းချင်း တွယ်တာခဲ့တဲ့ သံယောဇဉ်သာ မကဘူး။ ရေမြေတောတောင် လေထုအငွေ့အသက် အနံ့ကအစ စွဲမက်ခဲ့တဲ့ သံယောဇဉ်တွေ ချက်ချင်းဖြတ်တောက်ပစ်လို့ မရသလို နေရာသစ်ကလူတွေကို ကောက်ကာငင်ကာ သံယောဇဉ်ဖွဲ့လို့လည်း မရပါဘူး။ ရှူရှိုက်ရတဲ့ လေအသစ်ကို အဆုတ်က မယဉ်ပါးသေးပါဘူး။ ထို့အတူ သောက်ရတဲ့ ရေအသစ်ကလည်း ပေါ့ရွှတ်ရွှတ်နိုင်လိုက်တာ။ ဘာဆိုဘာမှ အသစ်တွေနဲ့ အခြေချလို့ မရနိုင်ပါဘူး။

ဒါနဲ့ နေရာဟောင်း ပြန်ပြောင်းသတိရကြတာဟာ လူတွေ (သက်ရှိသတ္တ၀ါတွေ)ရဲ့ သဘာဝစစ်စစ်ကြီးပါ။ ရပ်ကွက်ထဲမှာ စီးပွားရေး အဆင်မပြေလို့ တခြားရပ်ကွက်ကို ပြောင်းရွှေ့သွားရတဲ့ မိတ်ဆွေဟာ နောက်ခြောက်လအကြာမှာ ရှိသမျှ ပိုက်ဆံပြန်စုပြီး မူလနေခဲ့တဲ့ ရပ်ကွက်ထဲ ပြန်လာငှားနေပါတယ်။ ဒါဟာ အခြေချနေထိုင်ခြင်းရဲ့ သဘောသဘာဝပါ။ သာမာန်မမြင်နိုင်တဲ့ တွယ်တာနေတဲ့ သံယောဇဉ်တွေပါ။ လူသားတွေရဲ့ စိတ်ခံစားမှုတွေပါ။

ဘာပဲဖြစ်ဖြစ် အခြေချနေထိုင်ခြင်းကို ကိုယ်ချင်းစာနာစိတ် ကင်းမဲ့စွာ လူစိတ်သဘောသဘာဝ နားမလည်စွာ ဘယ်လိုပဲ ရွှေ့ပြောင်းဖျက်ဆီးနေပါစေ လူတွေက မူလအခြေချ နေထိုင်ရာမှာ ပြန်လည်ဖက်တွယ်ဖို့ ကြိုးစားမှာပါ။

အခြေခံဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၃၅၅။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသတွင်မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။ ... ဒီပုဒ်မဟာ လက်ရှိအစိုးရက လက်ခံကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီပုဒ်မတွေကို ဖောက်ဖျက်သလို ဖြစ်နေတာကို သတိပြုမိပါရဲ့လား။

လှည်းကူးမြို့နယ် စာဗူးတောင်းကျေးရွာအုပ်စု၊ သမီးကလေးကျေးရွာ၊ လက်ကျိုက်၊ အင်းပသီး၊ ထီးပနာရွာများ အပါအ၀င် နှင်ထုတ်ခံရွာများမှ အခြေချ နေထိုင်ခဲ့သူများရဲ့ ရင်ထဲမှာ ဘယ်လိုရှိမလဲ။ ဖေဖော်ဝါရီ ၁၆ ရက်က DKBA အဖွဲ့က သမီးကလေး ကျေးရွာသားတွေ ခေတ္တခိုလှုံနေတဲ့ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းကို လာရောက်အားပေးခဲ့ပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာ နယ်စပ်ဒေသ ဆုံဆည်းမြိုင်ကိုခေါ်သွားပြီး စားဝတ်နေရေး တာဝန်ယူမယ်လို့ ကမ်းလှမ်းကြောင်း သိရှိရပါတယ်။

ဒါပေမဲ့ ဘယ်သူမှ လှိုက်လှိုက်လှဲလှဲ လိုက်မယ်လို့ပြောသံ မကြားမိပါဘူး။ ဒါဆို တာဝန်ရှိပုဂ္ဂိုလ်များ သဘောပေါက်မယ် ထင်ပါတယ်။

အခြေချနေထိုင်မိတဲ့ နေရာကို ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ ခွဲခွာမသွားလိုကြပါဘူး။ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတိုင်း မိမိနေရာဒေသကို ပြန်လည်တမ်းတ နေကြမယ်ဆိုတာ အသေအချာပါ။ ကစားခဲ့တဲ့ လယ်ကွင်း၊ အရိပ်ခိုခဲ့တဲ့ သစ်ပင်၊ ဆော့ကစားခဲ့တဲ့ ရေစပ်၊ ကူးခပ်ခဲ့တဲ့ ချောင်းရိုး၊ အဆိုကျော် တွံတေးသိန်းတန်ရဲ့ သီချင်းထဲကလို... မေ့နိုင်ပါ့မလား မင်းတို့ငါတို့ ငယ်ငယ်တုန်းကလေ။ ဟေ့ သူငယ်ချင်းရေ ...

ဒါကြောင့် အခြေချနေထိုင်မှုဘ၀ကို လွယ်လွယ်ကူကူ အတွေးတိမ်တိမ်နဲ့ မဆုံးဖြတ်ကြဖို့ အကြံပြုလိုပါတယ်။
-

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ