တန်ဖိုးနည်းဆင်းမ်ကတ်များ ဈေးကျဆင်း

၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များမှာ ယခင်ပြင်ပပေါက်ဈေး တစ်သိန်းနီးပါးအထိရှိခဲ့ပြီး လက်ရှိတွင် ပြင်ပပေါက်ဈေး သုံးသောင်းဝန်းကျင်သာ ရှိပြီး အ၀ယ်ဈေးကွက် မရှိတော့ဘဲ အရောင်းဈေးကွက်သာ ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များနှင့် ဖုန်းပွဲစားများက ပြောကြားသည်။
“အခုဆိုရင် ပြည်ပကုမ္ပဏီတွေက ဆင်းကတ်တွေ ရောင်းတော့မှာဆိုပြီး ၁၅၀၀ ဆင်းကတ်ဈေးနှုန်းတွေ တော်တော်လေး ကျလာတယ်။ ၀ယ်တဲ့သူတွေလည်း မရှိသလောက်ကို နည်းလာတယ်။ အခုဈေးကွက်က အရောင်းဈေးကွက်ပဲ ရှိတော့တယ်။ အ၀ယ်ဈေးကွက် ကတော့ မရှိတော့ဘူး။ ကတ်တွေက လိုချင်ရင် လိုသလောက်ရတယ်။ ဆိုင်တိုင်းမှာ ကတ်တွေ ပုံနေတာပဲ”ဟု လသာမြို့နယ်ရှိ မိုဘိုင်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ်ရောင်းချသည့် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ် ၃၅၀၀၀၀ ခွဲတွင် ဂျီအက်စ်အမ်မိုဘိုင်းဆင်းမ်ကတ်များ ပါဝင်ခြင်းမရှိဘဲ CDMA 800MHz ဆင်းမ်ကတ်များကိုသာ အများဆုံးရောင်းချပြီး ယင်းဆင်းမ်ကတ်များကို လိုင်းဆွဲအား မကောင်းသည့်အတွက် သုံးစွဲသူများအနေဖြင့် အဆင်မပြေမှုများရှိကြောင်း သိရသည်။
“ဆင်းမ်ကတ်တွေက အ၀ယ်မရှိတော့ဘူး။ အရောင်းပဲ ရှိတော့တယ်။ ရောင်းရင်လည်း အရင်လိုဈေးကောင်းမှ မရတာ။ ဈေးကောင်းလည်း မပေးကြတော့ဘူး။ အခုဆိုရင် ဟန်းဆက်ဈေးကွက်တောင် အ၀ယ်အေးတယ်။ ပြည်ပကုမ္ပဏီတွေက ဟန်းဆက်တွေပါ ရောင်းမယ်ဆိုတော့ ဟန်းဆက်တွေတောင် မ၀ယ်ကြတော့ဘူး။ သူတို့ကိုပဲ စောင့်နေကြတယ်။ အခုဆိုရင် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းမှာလည်း ကြော်ငြာထားတယ်။ သူတို့ဘယ်အချိန်မှာ စရောင်းမှာ ဘယ်လိုပုံစံနဲ ဘယ်လိုအရည်အသွေးကောင်းတယ် ဆိုတာတွေကိုပါ ကြော်ငြာထားတဲ့အတွက် လူတိုင်းက သူတို့ကို စောင့်နေကြတယ်။ ဒါကြောင့် မိုဘိုင်းဈေးကွက် အေးနေတာပါ”ဟု တာမွေမြို့နယ် မိုဘိုင်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စောရည်နန္ဒာ
EMG



