စုံစမ်းရှာဖွေသူများ၏ အဓိကအာရုံစိုက်ခြင်းခံလာရသည့် လေယာဉ်မှူးများ

White Star | 月曜日, 3月 17, 2014 |




မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပျောက်ဆုံးနေသည့် လေယာဉ်သည် တစ်ဦးတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်သွယ်ရေးစနစ်များကို ဖြတ်တောက်ပြီး လမ်းကြောင်းပြောင်း မောင်းနှင်သွာဖွယ်ရှိသည်ဟု စနေနေ့က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောကြားပြီးနောက် စုံစမ်းရှာဖွေသူများက မလေးရှားလေကြောင်းအမှတ် အမ်အိတ်ခ်ျ ၃၇၀ ဘိုးရင်း ၇၇၇-၂၀ဝ လေယာဉ်ကို မောင်းနှင်သွားသည့် အဓိက လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့၏ နေအိမ်များကို ရှာဖွေမှုများပြုလုပ်ခဲ့သည်။

မလေးရှားစုံစမ်းစစ်ဆေးသူများက အသက် ၅၃နှစ်ရှိ အဓိကလေယာဉ်မှူးကြီး ဇာဟာရီ အာမက်ရှာ၏ နေအိမ်မှ လေယာဉ်မောင်းစက်အတု တစ်ခုကို တနင်္ဂနွေနေ့တွင် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ မလေးရှားရဲတပ်ဖွဲ့သည် စနေနေ့တွင် ကွာလာလမ်ပူမြို့ရှိ အဓိကလေယာဉ်မှူး ဇာဟာရီ အာမက်ရှာနှင့် အသက် ၂၇ နှစ်ရှိ ၄င်း၏ တွဲဖက်လေယာဉ်မှူး ဖာရွတ် အဗ္ဗဒူလ် ဟာမစ်တို့၏ နေအိမ်များကိုဝင်ရောက်ရှာဖွေခဲ့ကြောင်း မလေးရှားပို့ဆောင်ရေးဝန်ကြီးက တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားသည်။

အဓိကလေယာဉ်မှူးကြီး ဇာဟာရီ အာမက်ရှာသည် မကြာသေးမီက လိင်တူဆက်ဆံမှုဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ်ခံခဲ့ရသည့် မလေးရှားအဓိကအတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ကို အရူးအမူးထောက်ခံအားပေးသူဖြစ်ကြောင်း၊ အီဘရာဟင်ကို ထောင်ဒဏ်ချမှတ်လိုက်သည့်အတွက် ဇာဟာရီက မကျေမနပ်ဖြစ်ပြီး နိုင်ငံရေး ကန့်ကွက်သည့်အနေဖြင့် လေယာဉ်ကို အပိုင်စီးသွားမည်ကို မလေးရှားတာဝန်ရှိသူများက စိုးရိမ်နေကြောင်း ဗြိတိန်နိုင်ငံထုတ် ဒေးလီးမေးလ် သတင်းစာကရေးသားဖော်ပြသည်။

ဇာဟာရီသည် ၁၉၈၁ခုနှစ်ကတည်းက မလေးရှားလေကြောင်းလိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပျံသန်းရေးဆိုင်ရာ အတွေ့အကြုံ နာရီပေါင်း ၁၈၀ဝ၀ကျော်ရှိသူဖြစ်သည်။ လေယာဉ်မောင်းနှင်ခြင်းကိုလည်း အလွန်အမင်း ဝါသနာကြီးသူဖြစ်သည့်အတွက် နေအိမ်တွင် လေယာဉ်မောင်းနှင်ခြင်းဆိုင်ရာအသေးစိတ်အချက်အလက်များပါသည့် လေယာဉ်မောင်း စက်အတုတစ်ခုတပ်ဆင်ထားသူဖြစ်သည်။ စုံစမ်းရှာဖွေသူများက ဇာဟာရီနေအိမ်မှ လက်ပ်တော့ နှစ်လုံးကို စစ်ဆေးရှာဖွေခဲ့ရာ လက်ပ်တော့တစ်လုံး လေယာဉ်မောင်းနှင်ခြင်းဆိုင်ရာ အချက်အလက် များပါဝင်သည်ဟု ယူဆရကြောင်း ဒေးလီးမေးလ် သတင်းစာကရေးသား ဖော်ပြသည်။

တွဲဖက်လေယာဉ်မှူး ဖာရွတ်မှာ အိမ်ထောင်ပြုရန်စဉ်းစားနေသူဖြစ်ပြီး လေယာဉ်ပျောက်ဆုံးပြီးနောက် အပြင်လူများဝင်ခွင့်မရှိသည့်လေယာဉ်မှူးအခန်းတွင် အခြားလေယာဉ်မှူးတစ်ဦး၊ ခရီးသည်အမျိုးသမီးနှစ်ဦးနှင့်အတူ၂၀၁၁ခုနှစ်က ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံပေါ်ထွက်လာမှုကြောင့် စုံစမ်းစစ်ဆေးခံနေရသည်။

Aone Soe (The Mirror)

The Mirror Daily

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ