သီလ၀ါအထူးစီးပွားရေးဇုန် ရှယ်ယာများကို စတင်ရောင်းချချိန်မှ ငါးရက်အတွင်း ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ရောင်းချပြီးဟုဆို

hnm | 土曜日, 3月 15, 2014 |


ကမ္ဘောဇဘဏ်ခွဲတွင် ရှယ်ယာလာရောက် ၀ယ်ယူနေသူများအား တွေ့ရစဉ်


သီလ၀ါအထူး စီးပွားရေးဇုန်မှ ရှယ်ယာများကို စတင်ရောင်းချချိန်မှ မတ် ၁၀ ရက်အထိ သိန်းပေါင်း ခြောက်သောင်းကျော်အထိ ရှယ်ယာများကို ရောင်းချပေးပြီးဖြစ်ကြောင်း သီလ၀ါအထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က မတ် ၁၄ ရက်က ပြောကြားသည်။

ယင်းရှယ်ယာများကို မတ် ၃ ရက်တွင် စတင်ရောင်းချမည်ဟု ကြေညာခဲ့သော်လည်း မတ် ၅ ရက်မှသာ စတင်ရောင်းချနိုင်ခဲ့ကာ ဧပြီ ၂၈ ရက်တွင် ၀ယ်ယူခွင့်ရ၊ မရကို ပြန်လည်အကြောင်း ကြားပေးသွားမည် ဖြစ်ကြောင်း ဘဏ်များမှ စုံစမ်းသိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ရှယ်ယာများကို ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဘဏ်ခွဲပေါင်း ၁၈၂ ခုနှင့် ချိတ်ဆက်ကာ မည်သူ့ကိုမဆို ရောင်းချပေးနေပြီး ၀ယ်ယူလိုသူများသည် သက်ဆိုင်ရာ ဘဏ်များတွင် မှတ်ပုံတင်မူရင်းနှင့် မိတ္တူသုံးစောင် လိုအပ်ကြောင်း သိရသည်။

မြန်မာ-သီလ၀ါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာ အရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမ၀ါယမဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်တို့၏ တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများတွင် ၀ယ်လိုသည့် ရှယ်ယာအရေအတွက်၊ အဆိုပြုလွှာတင်ကာ ၀ယ်ယူနိုင်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၅ နှစ်လယ်ပိုင်းတွင် စတင်ကာ စီးပွားဖြစ် လည်ပတ်နိုင်မည်ဟု ဇုန်တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ရှယ်ယာများကို ရောင်းချရာတွင် ရှယ်ယာအနည်းငယ် ၀ယ်ယူသူကို ဦးစားပေး ရောင်းချမည်ဖြစ်ကာ ကျန်ရှိသည့် ရှယ်ယာများမှာ ရှယ်ယာများများ ၀ယ်ယူလိုသူများထံ နိုင်ငံတကာ ထုံးစံအတိုင်း Pro-rata စနစ်ဖြင့် အချိုးကျ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ