ဝင်ငွေခွန် နှင့် သူတို့ အမြင်

White Star | 月曜日, 3月 17, 2014 |

အသစ် ပြန်လည် ရေးဆွဲထားသော ဝင်ငွေခွန် ဥပဒေ အရ ဝင်ငွေရရှိသူ မည်သူမဆို နိုင်ငံတော်သို့ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ် သည်ဟု ပြီးခဲ့သည့် မတ်လဆန်းက လွှတ်တော်တွင် အတည်ပြု ပြဌာန်းလိုက်သည်။
ထို အသစ်ရေးဆွဲလိုက်သည့် ၀င်ငွေခွန် ဥပဒေအရ မည်သူမဆို တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ နှင့်အထက်ရှိလျှင် ၀င်ငွေခွန် ပေးဆောင် ရမည် ဖြစ်သည်။
သို့ရာတွင် ဝင်ငွေခွန် ပေးသွင်းရမည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရပိုင်းက ကြပ်မတ် ဆောင်ရွက်မှု အားနည်းနေသကဲ့သို့ အခွန် ထမ်း ပြည်သူများက ဝင်ငွေခွန်နှင့် ပတ်သက်၍ နားလည်သိရှိမှု နည်းနေသေးသည်ကိုလည်း တွေ့ရသည်။
ဝင်ငွေခွန် ကိစ္စနှင့် ပတ်သက်ပြီး နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်နှင့် သုံးသပ် ချက်များကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်း၍ စုစည်း တင်ပြထားပါသည်။
aungkyawsanဦးအောင်ကျော်ဆန်း
မန်နေဂျင်း ဒါရိုက်တာ
Crown Education
ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီ
အစိုးရက ကောက်ခံတဲ့ ဝင်ငွေခွန်အပေါ်မှာ ကျနော်တို့ အခွန်ဆောင်ရမယ် ဆိုတာတော့ နားလည်ပါတယ်၊ ဒါပေမယ့် အစိုးရ အနေ နဲ့ ပြည်သူတွေဆီက ကောက်ခံလို့ ရလာတဲ့ ဝင်ငွေတွေကို တိကျ မှန်ကန်မှု ရှိရှိနဲ့ သုံးစွဲနိုင်မလား ဆိုတာတော့ သံသယ ဖြစ်ကြ တယ်၊ သာမန် ပြည်သူ တယောက် အနေနဲ့ ပေးသင့်တာကို ပေးရမယ် ဆိုတာ လက်ခံ ထားတတ်ဖို့ လိုပေမယ့် အစိုးရက ဝင်ငွေခွန် နဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာ ပေးသင့်တယ်၊ လူအများစုက ဝင်ငွေခွန်ကို မဖြစ်မနေပေးကြမယ် ဆိုရင်တော့ ပေးမှာဘဲ၊ ဒါပေမယ့် ပေးတဲ့ အပေါ်မှာ စီမံခန့်ခွဲမှုက ဘယ်လို ရှိမလဲ ဆိုတာကို တွေးပြီးတော့ တချို့က သိပ်မပေးချင်ကြဘူး၊ ပြည်သူတွေ ရုန်းကန် နေကြရတဲ့ အချိန်မှာ ဒါကို ထပ်ပြီး ပေးရမယ် ဆိုတော့ သိပ်ပြီးတော့ သဘော မကျချင်ကြဘူး၊ အစိုးရက ပညာပေး တာ၊ ရလာတဲ့ အခွန်ငွေကို ဘယ်လို သုံးမလဲ ဆိုတာ အသိ ပေးနိုင်ရင်တော့ နှစ်ဦးနှစ်ဘက် အဆင်ပြေမှာပါ၊ ညီမျှဖို့တော့ လိုလိမ့်မယ်လို့ ထင်တယ်။
ကျနော် ကတော့ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ ၂၀၀၅ -၂၀၀၆ ခုနှစ်လောက် ကတည်းက အခွန် မှန်မှန် ဆောင်နေခဲ့တာပဲ၊ မြန်မာနိုင်ငံမှာ နေတဲ့ သူတယောက် အနေနဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် ကျနော် ဂုဏ်ယူချင်တယ်၊ အဲဒီခေတ်တုန်းက ကိုယ့်ထက် ဝင်ငွေ ပိုရပေမယ့် အခွန် မဆောင်တဲ့ သူတွေ အများကြီး ရှိခဲ့တာပဲ၊ အစိုးရဘက်က အမှန်ကန်ဆုံးနဲ့ ညီမျှမှု ရှိဖို့ လိုအပ်တယ်။
U Han Htun-Customဦးဟန်ထွန်း
အခွန်ပညာရှင်
ဒုတိယ ညွှန်ကြားရေးမှူး(ငြိမ်း)
ပြည်တွင်းအခွန်များ ဦးစီးဌာန
အခု သတ်မှတ်လိုက်တဲ့ နှုန်းထားတွေက လျှော့ပြီး သတ်မှတ်ပေးလိုက်တာပေါ့၊ နှုန်းတွေကို လျှော့လိုက်တာမို့ အခွန်သက်သာသွားတာပေါ့၊ ကျနော် သိသလောက် အခြားအိမ်နီးချင်းနိုင်ငံတွေမှာ ဒီနှုန်းတွေထက်များတယ်၊ ဒီဟာကတော့ မြန်မာနိုင်ငံမှာ အခွန် စည်းကြပ်ခဲ့တဲ့နှုန်းတွေထဲမှာ အနိမ့်ဆုံးပဲ၊ အခုကြည့်လိုက်ရင် အမြင့်ဆုံးကျသင့်တဲ့ ၀င်ငွေခွန်က ၂၅ရာခိုင်နှုန်းပေါ့၊ ဟိုတုန်းက ဆိုရင် အမြင့်ဆုံး ၀င်ငွေခွန်ဟာ ၃၀ ရာခိုင်နှုန်းထိရှိတယ်၊ ၃၅ ရာခိုင်နှုန်းလည်း ရှိခဲ့ဖူးတယ်၊ ၁၉၇၄ခုနှစ် အမြတ်ခွန်ဥပဒေတုန်းက ဆိုရင် ၅၀ ရာခိုင်နှုန်းထိရှိတယ်၊ လက်ရှိ နှုန်းတွေကတော့ မြန်မာနိုင်ငံရဲ့အခွန်သမိုင်းမှာ အနိမ့်ဆုံးနှုန်းတွေ ဖြစ်တယ်၊ ၀င်ငွေခွန်မှာက လစာဝင်ငွေ ပါမယ်၊ စီးပွားရေးလုပ်ငန်း ပါမယ်၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်း ပါမယ်ပေါ့၊ ရှေ့နေတို့၊ ဆရာဝန်တို့၊ ကျူတာတို့ပေါ့၊ ဒီလိုပုဂ္ဂိုလ်တွေ အတွက်ကတော့ သူတို့ရဲ့ဝင်ငွေအပေါ်မှာ စည်းကြပ်တဲ့ဟာပေါ့၊ ဘာပဲပြောပြော လက်ရှိအခွန်တွေကတော့ အနည်းဆုံး လျှော့ချထားတာပါပဲ။
Stephen Kyawကိုစတီဗန်ကျော်
လူမှုဆက်ဆံရေး အရာရှိ
ဘာလင်မြို့အခြေစိုက် Rocket Internet(House.com.mm) ကုမ္ပဏီ (မြန်မာပြည်ရုံးခွဲ)
အများစုက ဝင်ငွေခွန် ဆောင်ရမယ် ဆိုတဲ့ ကိစ္စကို အခုအချိန်အထိ မသိကြဘူး၊ ကိုယ်ဘယ်လောက် အခွန်ဆောင် ရမယ်၊ ဘာ တွေ လိုအပ်တယ် ဆိုတာကို မသိကြသေးဘူး၊ ကုမ္ပဏီတွေကလည်း ဝန်ထမ်းတွေရဲ့ လစာတွေ ဌာနကို တင်ပြတဲ့ အခါမှာ အမှန် အတိုင်း တင်ပြသလား ဆိုတာလည်း ရှိသေးတယ်၊ အစိုးရက ဝင်ငွေခွန်ကို ဘယ်လို ကောက်ခံနေတယ် ဆိုတာလည်း မသိကြ ဘူး၊ ဒါကြောင့်မို့ အစိုးရပိုင်းက ဝင်ငွေခွန် ကိစ္စအပေါ်မှာ ပြည်သူတွေ နားလည် သဘောပေါက်အောင် ရှင်းပြသင့်တယ်၊ ပြီးတော့ အခွန် ထမ်းတဲ့ သူတယောက် အတွက် ဘယ်လို အကျိုးရှိမလဲ၊ ပေးလိုက်တဲ့ ဝင်ငွေတွေ အပေါ် အစိုးရက ဘယ်လို လုပ်မလဲ၊ ဘယ်ကဏ္ဍတွေ အတွက် သုံးမှာလဲ ဆိုတာကို ပြည်သူတွေကို ပြောပြ သင့်တယ်၊ ပညာပေးမှုတွေ လုပ်ပေး သင့်တယ်။
ဒေါ်တင်တင်အောင်
ဒါရိုက်တာ
Café 47
မြန်မာနိုင်ငံမှာ နေတဲ့ နိုင်ငံသားတိုင်းကတော့ အခွန်ဆောင်တဲ့ ကိစ္စကို လုပ်သင့်တယ်လို့ မြင်တယ်၊ တချို့တွေ ကျတော့လည်း ဗဟုသုတ နည်းတာ၊ လေ့လာ အားနည်းတာတွေလည်း ရှိကြတော့ ကိုယ့်လုပ်အားနဲ့ ရှာထားရတဲ့ ဝင်ငွေကို အလကား သက်သက်ကြီး မပေးချင်ကြဘူး ဖြစ်နေကြတယ်၊ ဒါကြောင့်မို့လို့ အစိုးရ အနေနဲ့ လူထု သိအောင် ပညာပေး သင့်တယ်၊ ပြည်သူတွေကလည်း ကိုယ့်လုပ်အားခထဲက ပေးလိုက်ရတဲ့ ငွေကို အကျိုးရှိတဲ့နေရာတွေမှာ သုံးစေချင်ကြတယ်၊ အစိုးရပိုင်းက ပြည်သူတွေဆီက ကောက် ခံလို့ရတဲ့ ဝင်ငွေခွန်တွေကို ဘယ်လို နေရာမှာသုံးမလဲ ဆိုတာကိုတော့ လူတွေက စိတ်ဝင်စား နေကြတယ်။
ဒေါက်တာ အောင်ကိုကို
စီးပွားရေးပညာရှင်
နိုင်ငံတွင်းမှာရှိတဲ့ အိမ်ထောင်စု စာရင်းတွေထဲက ဝင်ငွေ ဖြစ်တည်မှုကို အရင် ကြည့်ရမယ်၊ အစိုးရ၊ ပုဂ္ဂလိက ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံး လစာက ဘယ်လောက် ဖြစ်မလဲ ဆိုတာ သိဖို့ လိုတယ်၊ အဲဒါတွေကို ကြည့်ပြီးတော့မှ အခွန်ကောက်တာ လုပ်သင့်တယ်၊ အခွန်ထမ်း ပြည်သူတွေက အခွန်တွေ ပေးဆောင် ကြသလို ဝင်ငွေခွန် ကောက်ယူတဲ့ အဖွဲ့အစည်းတွေ၊ ရလာတဲ့ ဝင်ငွေတွေကို သုံးစွဲမယ့် အဖွဲ့အစည်းတွေက ဘယ်လို ပုံစံနဲ့ စနစ်တကျ သုံးစွဲမလဲ ဆိုတာကို အစီအမံ ရှိဖို့ လိုအပ်တယ်၊ ဝင်ငွေခွန်က ရလာတဲ့ ငွေတွေကို ပုဂ္ဂလိက ကဏ္ဍတွေမှာ ဘယ်လို တိုးတက်အောင် လုပ်မလဲ ဆိုတာကလည်း အရေးကြီးတယ်၊ အများအားဖြင့် အသေး စား၊ အလတ်စား လုပ်ငန်းတချို့က အခွန် မဆောင်နိုင်ကြဘူး၊ သူတို့ ကုန်ကျတဲ့ စရိတ်တွေကြောင့် အခွန်ဆောင်ဖို့ မဖြစ်နိုင်သေး တာ ပေါ့၊ အစိုးရဘက်ကလည်း ဝင်ငွေခွန် ဆောင်တဲ့သူတွေကို လွယ်လင့်တကူ နည်းလမ်းမျိုးနဲ့ အခွန်ဆောင် နိုင်အောင် လုပ်ပေး ရမယ်၊ ဒါမှလည်း မလိုအပ်တဲ့ အချိန်တွေ လျော့သွားမှာပေါ့၊ အစိုးရ ယန္တရားက ကြီးလို့ ဝင်ငွေခွန်တွေ ထပ်ပြီး တိုးကောက်မယ် ဆိုရင်တော့ ပြည်သူတွေက မနိုင်ဝန် ထမ်းရသလို ဖြစ်သွားပြီး အလုပ် လုပ်ချင်စိတ်တွေ ပျောက်လာ လိမ့်မယ်။
thetthetkhingဒေါက်တာ ဒေါ်သက်သက်ခိုင်
ရွှေနန်းတော် စိန်ရွှေရတနာဆိုင်
နိုင်ငံတကာမှာ အခွန်ကိစ္စ လုပ်နေတာက ကြာပြီ၊ မြန်မာနိုင်ငံက အရမ်းကို နောက်ကျနေတာ၊ နိုင်ငံသား မှန်ရင်တော့ အခွန်ဆောင် ရမှာပဲ၊ ပြည်သူတွေကလည်း အခွန်ပေးဖို့ ကြိုးစား ကြရမှာ ဖြစ်သလို အစိုးရဘက်ကလည်း ရလာတဲ့ ငွေတွေကို ဘယ်လိုမျိုး ထိထိ ရောက်ရောက် သုံးစွဲမလဲ ဆိုတာကို တာဝန် ယူပေးမယ် ဆိုရင်တော့ အကောင်းဆုံး ဖြစ်မလာတာတောင်မှ ကောင်းတဲ့ အနေ အထား တခုတော့ ရောက်လာမှာပေါ့၊ မြန်မာနိုင်ငံမှာက စီးပွားရေး သမားတွေပဲ အခွန် ဆောင်ရမလိုမျိုး ဖြစ်နေတယ်လေ၊ အဲဒီတော့ အလုပ်လုပ်တဲ့ သူတိုင်းကတော့ ဝင်ငွေခွန် ဆောင်သင့် ပါတယ်၊ လူတိုင်း ပေးနိုင်တဲ့ အနေအထားတော့ ဖြစ်ဖို့ လိုအပ် လိမ့် မယ်၊၊
ပြည်သူလူထုကလည်း တာဝန်သိစိတ်နဲ့ အခွန် ဆောင်မယ်၊ အစိုးရဘက်ကလည်း ရလာတဲ့ ငွေကြေးတွေကို နိုင်ငံတော်ရဲ့ လိုအပ် တဲ့ နေရာတွေမှာ အကျိုးရှိရှိ အသုံးချမယ် ဆိုရင်တော့ နှစ်ဦးနှစ်ဘက် အဆင်ပြေလာ နိုင်တာပေါ့၊ လွှတ်တော်ထဲမှာ ဆိုရင်လည်း ဌာန တခုချင်းစီ အလိုက် သုံးရတဲ့ ဘဏ္ဍငွေကြေးတွေကို ဘယ်လိုသုံးစွဲသလဲ ဆိုတာတွေကို တင်ပြလာတာမျိုး တွေ့မြင်ရတယ်၊ အရင်က ဆိုရင် ပြောပြလို့ မရ၊ ပြောပိုင်ခွင့်လည်း မပေးခဲ့ဘူး၊ ပြည်သူတွေက အခွန်ငွေ ပေးဖို့ ကြိုးစားဖို့ လိုသလို အစိုးရကလည်း ထိထိရောက်ရောက် သုံးစွဲဖို့ တာဝန်ယူ ရလိမ့်မယ်။
U maw thanဦးမော်သန်း
စီးပွားရေးပညာရှင်
ဝင်ငွေခွန် ဆိုတာက ပုဂ္ဂိုလ် တဦးချင်းစီရဲ့ ရရှိလာတဲ့ ဝင်ငွေတွေ အပေါ်မှာ နှုန်းအမျိုးမျိုးနဲ့ အခွန်ကောက်မှာပေါ့၊ ကောက်ခံတဲ့ နှုန်း ထားကတော့ အရင်ထက် လျော့နည်း တယ်လို့ ကြားတာပဲ၊ ဝင်ငွေခွန် ကောက်ခံတဲ့ ကိစ္စက အရင်ကတည်းက ရှိခဲ့ပေမယ့် အခွန် ဥပဒေ ပြန်ပြင်ဆင်တာတွေ ရှိတော့ ပြည်သူတွေ သိအောင်ဆိုရင် မြို့နယ်၊ ရပ်ကွက်အလိုက် မျက်နှာချင်းဆိုင် သဘောမျိုး လိုက်ပြီး ဆွေးနွေး ရှင်းပြတာမျိုး လုပ်ရမယ် ထင်တယ်၊ ဝင်ငွေခွန် ဆိုတာကတော့ ကောက်ရမှာပဲ၊ အစိုးရက ငွေစက္ကူတွေ ရိုက်ထုတ်ပြီးပဲ ဝင်ငွေ ရှာနေလို့မှ မရတာ၊ ပြည်သူတွေဆီက ကောက်ခံလို့ ရလာမယ့် ဝင်ငွေတွေက အစိုးရ အသုံးစရိတ်တွေ အတွက် လုံလောက်ရုံပဲ ရှိမယ် ထင်တယ်၊ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ အတွက်တော့ လုံလောက်မယ်လို့ မထင်ဘူး၊ ဘာလို့လည်း ဆိုတော့ အစိုးရကဏ္ဍက ကျယ်ပြန့်လာတော့ လိုအပ်ချက်တွေ ရှိလာမှာပဲ။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ