၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ပြည်ခိုင်ဖြိုးပါတီနှင့် အတိုက်အခံ NLD ပါတီ အပါအ၀င်နိုင်ငံရေး ပါတီအများစု ၀င်ရောက် ယှဉ်ပြိုင်သွားမည် - See more at: http://www.news-eleven.com/politic/%E1%81%82%E1%81%80%E1%81%81%E1%81%85-%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%99%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%99%E1%80%AE-%E1%81%BE%E1%80%80%E1%80%AC%E1%80%B8%E1%80%BB%E1%80%96%E1%80%90%E1%80%B9%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2-%E1%80%BB%E1%80%95%E1%80%B3%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%95%E1%80%AB%E1%80%80-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%81%BF%E1%80%96%E1%80%AD%E1%80%B3%E1%80%B8%E1%80%95%E1%80%AB%E1%80%90%E1%80%AE%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7#sthash.imLz3GEB.dpuf

လက်ရှိ၌ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လစ်လပ်မဲဆန္ဒနယ် ၂၀ မှ ၃၀ ကြား ရှိနေကြောင်းသိရပြီး အဆိုပါလစ်လပ် မဲဆန္ဒနယ်များတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် နိုင်ငံရေးပါတီများက လိုလားလျက် ရှိနေသည်။
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက“ပါတီဆိုတာကတော့ ပြည်သူအတွက် အချိန်ပြည့် လုပ်ရတာပဲ။ အချိန်ပြည့် လုပ်ရတယ်ဆိုတာက ရွေးကောက်ပွဲတွေ အများကြီးဖြစ်မှာပဲ။ ရွေးကောက်ပွဲက အနည်းဆုံး ငါးနှစ် တစ်ကြိမ် ရှိမယ်။ ကြားဖြတ်တွေလည်း ရှိနိုင်တယ်။ အဲဒီဟာကို မှန်းပြီး ပြင်ဖို့ဆိုတာထက်စာလို့ရှိရင် ပြည်သူအကျိုးရှိအောင် အမြဲတမ်းလုပ်နေလို့ရှိရင် ပြင်ဆင်ပြီးသား ဖြစ်မှာပေါ့။ ကျွန်တော်ကတော့ ဒီလိုပဲယုံတယ်။ ဒါကတော့(ကိုယ်စားလှယ်လောင်းတွေ) ရွေးရမှာပါ့။ ကျွန်တော်တို့လည်း အခုတော့ မသိသေးဘူးလေ။ ရွေးရမှာပေါ့”ဟု ပြောကြားသည်။
အလားတူ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းနှင့် တရားဝင်ကြေညာခြင်း မရှိသည့်အတွက် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း ပြောကြားသည်။
“ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်လို့ တရားဝင်ဘာမှ ကြေညာထားတာ မရှိသေးဘူး။ ဥပဒေသဘောအရကတော့ ရွေးကောက်ပွဲကတော့ လစ်လပ်ရင် ကျင်းပရမှာပဲ။ ကျင်းပသင့်တယ် မကျင်းပသင့်ဘူးဆိုတာကတော့ နိုင်ငံရေးအရ စဉ်းစားကြတာပါ”ဟု ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဏာရပါတီနှင့် အတိုက်အခံပါတီတို့သာမက အခြားနိုင်ငံရေးပါတီများလည်း ၀င်ရောက်ယှဉ်ပြိုင်သွားရန် ရှိကြောင်း စုံစမ်းသိရသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ၀င်ပြိုင်ဖို့ အဆင်သင့်ရှိပါတယ်။ ၀င်မယ် မ၀င်ဘူးဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ ၀င်ဖို့နဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ကတော့ အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်သွားမှာပါ”ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

ထို့အတူ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က “ကျွန်တော်တို့ဒေသမှာ ရှိတဲ့မဲဆန္ဒနယ်တွေကိုတော့ ယှဉ်ပြိုင်သွားမှာပါ။ ရခိုင်မှာ ပြည်ထောင်စုလွှတ်တော် နှစ်နေရာနဲ့ ပြည်နယ်လွှတ်တော် တစ်နေရာ လစ်လပ်နေပါတယ်။ ပါတီနှစ်ခု ပေါင်းလိုက်ပြီဆိုတော့ သူ့လူကိုယ်လူ မဟုတ်ဘဲ ပြည်သူချစ်တဲ့သူ၊ ရွေးသင့်ရွေးထိုက်တဲ့သူကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်သွားမှာပါ။ညီလာခံကနေ အမြန်ဆုံး ဆုံးဖြတ်သွားမှာပါ”ဟု ပြောကြားသည်။
၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က လစ်လပ်မဲ ဆန္ဒနယ်များအနက် ၄၅ နေရာတွင် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၄ နေရာ ၀င်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ကျန်နေရာနှစ်ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ အနိုင်ရရှိခဲ့သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများ ယခုနှစ်အတွင်း ကျင်းပဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပြီး ယင်းသို့ သတင်းများ ထွက်ပေါ်နေမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် ဖြေကြားသွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ရန်ကုန်မြို့၌ မတ် ၁၃ ရက်က ဖြေကြားခဲ့သည်။
ကျင်းပဖွယ်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြို စမ်းသပ်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ် အနိုင်ရနိုင် မရနိုင်ကို စမ်းသပ်သည့် ပွဲဖြစ်သလို ထိုသို့ အနိုင်ရနိုင် မရနိုင်ကိုလည်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သိချင်နေကြောင်း သုံးသပ်မှုများ ရှိသည်။
Category:



