မသန်စွမ်းသူများကောင်စီ ပေါ်ပေါက်လာရန် တွန်းအားပေးမည့် မသန်စွမ်းသူများဖိုရမ် ကျင်းပမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများဖိုရမ်တွင် မသန်စွမ်းသူများ၏ အခွင့်ရေးဆိုင်ရာခေါင်းစဉ်ကြီး ၁၇ ချက်ကို ဇွန်လ ၁၀ ရက် မှ ၁၂ရက်အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် ကျင်းပသွားမည်ဟု ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရွှေဝါသန်းနိုင်က မဇ္ဈိမကို ပြောသည်။
“မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ အခွင့်ရေးဆိုင်ရာတွေ၊ မသန်စွမ်းသူများ ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေတွေ၊ မသန်စွမ်း အလုပ် ခန့်ထားရေးတွေနဲ့ ပတ်သက်တာအားလုံးကို မသန်စွမ်းအဖွဲ့စည်းပေါင်း ၁၅ ဖွဲ့ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ယင်းဖိုရမ်တွင် ဥာဏ်ရည်ခြားနား မသန်စွမ်းသူများ၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများ၊ ခန္ဓာကိုယ် မသန်စွမ်းသူများ အတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ခွင့်အလမ်းများ၊ မသန်စွမ်းသူများ ကြုံတွေ့နေရသည့် ခွဲခြားဆက်ဆံမှုများ ပါဝင်သည့် အချက် ၁၇ ချက်ကို အဓိကထား ဆွေးဆွေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ စီစဉ်ဒါရိုက်တာဦးနေလင်းစိုးက “ဖိုရမ်မှာ အဓိကထား ဆွေးနွေးသွားမှာက အလုပ်အကိုင် အခွင့်လမ်း ရရှိရေး၊ ခွဲခြားဆက်ဆံခံနေရမူများကို ဆွေးနွေးမှာဖြစ်ပါတယ်၊ ကိုယ်တိုင်ဆုံးဖြတ်ချက် ဘ၀ရပ်တည်နိုင်ရေးအတွက် အစိုးရ ပံ့ပိုးပေးမှု၊ လူ့အသိုင်းအ၀ိုင်းတွင် ပိုမိုဝင်ဆံ့နိုင်ရေးအတွက်လည်း ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်"ဟုပြောသည်။
ထိုဖိုရမ်တွင် နိုင်ငံတစ်ဝှမ်းရှိ မသန်စွမ်းသူများ ရင်ဆိုင်နေရသည့် ခွဲခြားဆက်ဆံမူများ၊ စိန်ခေါ်မူများကို နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများထံ တင်ပြသွားရန်၊ မသန်စွမ်းသူများ အခွင့်ရေးဆိုင်ရာများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြရန်၊ နိုင်ငံတစ်ဝှမ်းရှိ မသန်စွမ်းသူ ၁၃ သိန်းမှ မသန်စွမ်းသူများဆိုင်ရာ ကောင်စီ ဖွဲ့စည်းသွားရန်၊ မသန်စွမ်းသူများဆိုင်ရာ ဥပဒေပေါ်ပေါက်ရေးနှင့် ဥပဒေအတိုင်း အကောင်ထည်ဖော်ပေး မူများကို ၀ိုင်းဝန်းတိုတ်တွန်းသွားရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
လူမူဝန်ထမ်းဦးစီးဌာနက ၂၀၁၃ခုနှစ် စစ်တမ်းကောက်ခံချက်အရ တစ်နိုင်ငံလုံးတွင် မသန်စွမ်းသူ၁၃သိန်းရှိပြီး ၅၀,၀၀၀ ကျော်သာ အလုပ်ကိုင်များ ရရှိလျှက်ရှိသည်။ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီးပါက ကုမ္ပဏီတိုင်းတွင် မသန်းစွမ်းဝန်ထမ်း နှစ်ရာခိုင်နှုန်း မခန့်မနေရစနစ် ပါရှိရန် ကြိုးပမ်းလျှက်ရှိသည်။
ဇာနည်အောင်
Category: bcjpnoa, bcjpnob, News, winnaingoo