တနိုင်ငံလုံး အပစ်ရပ်ရေး ထိပ်သီးအစည်းအဝေးစတင်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒီကနေ့ စတင်ပါတယ်။
အစည်းအဝေးကို အန်စီစီတီ အဖွဲ့ဝင် ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ လေ့လာသူ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ကြပါတယ်။
ဒီအစည်းအဝေးကြီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အန်စီစီတီက ကိုယ်စားလှယ် ၉ ဦးနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ်တွေ ၉ ဦးတို့ ပူးတွဲရေးဆွဲ ရရှိထားတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီထိပ်သီးအစည်းအဝေးကို မနေ့ကတည်းက စတင်ဖို့ဖြစ်ပေမယ့် မနေ့က တံခါးပိတ် အစည်းအဝေးသာကျင်းပခဲ့ပြီး နိုင်ငံရေးဆွေးနွေးဖို့ ဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြ ပါတယ်။
အစိုးရဘက်က နိုင်ငံရေးဆွေးနွေးဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို ဦးစွာပြုလုပ်ဖို့ ရပ်တည်ပြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်တွေ ထိုးခဲ့ကြပါတယ်။
ဒီနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့အတွက် တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ အစိုးရရပ်တည်ချက်ကြောင့် မနှစ်တုန်းက လိုင်ဇာဌာနချုပ်မှာ ပထမအကြိမ် ညီလာခံကျင်းပပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် ဘုံသဘောတူညီချက် ချမှတ်ခဲ့သလို အန်စီစီတီအဖွဲ့ကို ဖွဲ့စည်းပြီး တပြည်လုံး အပစ်ရပ်ရေး အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အင်အားတောင့်တင်းတဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီရဲ့ ပြောခွင့်ရသူ ဦးအောင်မြင့်က ပါတီအနေနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကို လက်မှတ်ရေးထိုးမှာဖြစ်ပေမယ့် ကြိုတင်လေ့လာဖို့တော့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်မယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာထားသလို မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ရှေ့လာမယ့် သြဂုတ်လမတိုင်ခင် လက်မှတ်ရေးထိုးလိုကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
မနှစ်နှစ်ကုန်ပိုင်းက လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံကြီးကနေ တနိုင်ငံလုံး အပစ်ရပ်ရေးဘုံသဘောထား ချမှတ်ခဲ့ပြီး အန်စီစီတီ အဖွဲ့ကို ဖွဲ့စည်းခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဌာနချုပ် လောခီးလာမှာလည်း ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပါတယ်။
DVB
Edited ( TEAM BCJP )



