လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ် တောင်ကြီး၌ ပြုလုပ်

hnm | 月曜日, 7月 28, 2014 |



ပြည်ထောင်စုအစိုးရအဖွဲ့၊ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင် တောင်ကြီးမြို့၊ လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးနေစဉ်။ ဓာတ်ပုံ -ဂျွန်ချစ်ငြိမ်း

မြန်မာနိုင်ငံ၏ လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ်တွင် လူငယ်များ ပူးပေါင်းပါဝင်နိုင်ရန် လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်များ ပြုလုပ်နေခြင်းဖြစ်သည်ဟု ပြည်ထောင်စုစွမ်းအင်ဝန်ကြီး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဝင် ဦးဇေယျာအောင်က တောင်ကြီးမြို့၌ ဇူလိုင် ၂၇ ရက်တွင် ပြောသည်။
တောင်ကြီးမြို့၊ ဟုတ်ကြန့် ဘုံကျောင်းခန်းမတွင် ၄ ရက် ကျင်းပခဲ့သော လူငယ်နှင့် ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့ အခမ်းအနားတွင် ထည့်သွင်းပြောခြင်းဖြစ်သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဘယ်လိုပုံ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရှိသွားဖို့ ဖြစ်ပါတယ်”ဟု ပြည်ထောင်စု စွမ်းအင်ဝန်ကြီးလည်းဖြစ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ ဦးဇေယျာအောင် က ပြောသည်။
နိုင်ငံတော်တည်ဆောက်သည့် နေရာတွင်လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကဏ္ဍသည် အရေးကြီးဆုံးအချက်တွင် ပါဝင်သည်ဟုလည်း ၎င်းက ပြောသည်။
“အနာဂတ်ခေါင်းဆောင်လုပ်တဲ့ နေရာမှာလူကြီးတွေ လက်တွဲမခေါ်ဘဲ မရပါဘူး။ အတွေ့အကြုံမရှိလို့ဆိုပြီး ထားခဲ့လို့ မရပါဘူး”ဟု လူငယ်နှင့် ငြိမ်းချမ်းရေးဖို ရမ်တက်ရောက်နေသည့် ကိုစောရေမွန်က ဆိုသည်။
ဖိုရမ်တက်ရောက်နေသည့် လူငယ်များထဲမှ လူငယ်သုံးဦးက ပြည်ထောင်စုစွမ်းအင်ဝန်ကြီး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ဝင် ဦးဇေယျာအောင်ကို အလုပ်အကိုင်အခွင့်အလမ်း၊ အမျိုးသမီး နှင့် ငြိမ်းချမ်းရေးကဏ္ဍ၊ လူငယ်နှင့် မူးယစ်ဆေးဝါး ပြဿနာ၊ ရှမ်းပြည်တွင် လူငယ်စင်တာဖွင့်ပေးနိုင်ရေးစသည့် မေးခွန်းတို့ကိုလည်း မေးမြန်းကြသည်။ ဖိုရမ်သို့ လူဦးရေ ၄၀၀ ကျော် တက်ရောက်ကြသည်။

 ဂျွန်ချစ်ငြိမ်း
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ