လမ်းဘေးဈေးသည်များအား စည်းကမ်းလိုက်နာရန် စည်ပင်မှအရှိန်မြှင့်တင်ဆောင်ရွက်

hnm | 月曜日, 7月 28, 2014 |


သင်္ဃန်းကျွန်း စံပြဈေးပတ်ဝန်းကျင်၌ လမ်းဘေးဈေးသည်များ ဈေးမရောင်းချရန်အတွက် စောင့်ကြည့်နေသော စည်ပင်သာယာ ၀န်ထမ်းများအား တွေ့ရစဉ်


သင်္ဃန်းကျွန်း စံပြဈေးပတ်ဝန်းကျင်၌ လမ်းဘေးဈေးသည် ရှင်းလင်းသည့်အချိန်အား ထပ်တိုးလိုက်ပြီး ယခင်ထက် ပိုမိုတင်းကျပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

စံပြဈေး အနီးပတ်ဝန်းကျင်၌ ယခင်က ညနေပိုင်းအချိန်များမှ စတင်၍ ညပိုင်းအထိ ဈေးရောင်းချခွင့်ပြုခဲ့ပြီး လမ်းဘေးဈေးသည်များကြောင့် ယာဉ်သွားလာမှုနှင့် လူသွားလာမှု အနှောင့်အယှက်ဖြစ်၍ ပိတ်ဆို့နေသည်ဟုဆိုကာ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ မရောင်းချစေဘဲ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းဘေးဈေးသည်များအား ရှင်းလင်းရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်းအင်အား ၁၀၀ ကျော်အပြင် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းနှင့် သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေးမှူးများလည်း ပါဝင်ကြောင်း၊ သင်္ဃန်းကျွန်း စံပြေဈေးပတ်ဝန်းကျင်တွင် လမ်းဘေးဈေးရောင်းချနေသူ အရေအတွက် ၃၀၀ ၀န်းကျင်ခန့်ရှိနေကြောင်း သိရသည်။

“ဒီက လမ်းဘေးဈေးသည်တွေအတွက် ပြည်ထောင်စုခုံးတံတားဘေးနားက ဈေးလေးမှာ နေရာလုပ်ပေးထားပါတယ်။ အကုန်လုံးအတွက်တော့ မဟုတ်ဘူး။ လေးပေပတ်လည် ဆိုင်ခန်း ၇၀ ကျော်နေရာ လုပ်ပေးထားတယ်။ သူတို့က အဲဒီမှာ သွားမရောင်းတာပါ။ အခုဟာက ကားလမ်းတွေပိတ်တယ်။ လူသွားလူလာ အနှောင့်အယှက်ဖြစ်လို့ ရှင်းရတာပါ။ ဒါတောင်မှ လမ်းပေါ်မဟုတ်ဘဲ ပလက်ဖောင်းလေးပေါ်မှာ ကပ်ရောင်းနေတဲ့သူတွေကို ရသလောက် ခွင့်ပြုပေးထားတယ်။ အကုန်လုံးကိုတော့ တစ်ပြိုင်တည်းရှင်းလို့ မရနိုင်သေးဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိကာလတွင် ရန်ကုန်မြို့၌ ရောင်းချနေသော လမ်းဘေးပျံကျဈေးသည်များကို သတ်မှတ်ထားသောဈေးများသို့ ပြောင်းရွှေ့ရောင်းချရန် ပညာပေးလျက်ပြီး စက်တင်ဘာမှစတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ရောင်းချသည့် ပျံကျဈေးသည်များကို စစ်ဆေးဖမ်းဆီး အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။


ကျော်ထင်
EMG
Edited ( TEAM BCJP)

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ