ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ကနေ လွတ်မြောက်ဖို့ အချိန်ဇယား ရေးဆွဲပြီး အားလုံးပူးပေါင်းကြိုးစားကြဘို့ အရေးကြီးကြောင်း ပြောကြားသွားခဲ့

မြန်မာနိုင်ငံ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ကနေ လွတ်မြောက်ဖို့ အချိန်ဇယား ရေးဆွဲပြီး အစိုးရ၊ သာမက ပုဂ္ဂလိက ပြည်သူ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အားလုံးပူးပေါင်း ဆောင်ရွက်ရမယ်လို့ ဒုသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးမှာ ဒီကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဒုသမ္မတလည်း ဖြစ်တဲ့ ဦးဉာဏ်ထွန်းက ပြောကြားလိုက်တာပါ။
လာမယ့် ၂၀၁၅ ခုနှစ် ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့် ပြန်လည်သုံးသပ်မှု အစီအစဉ်အတွက် မြန်မာအစိုးရအနေနဲ့ အသင့်ပြင်ဆင်နေပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းက လွတ်မြောက်ဖို့ သင့်တော်တဲ့နည်းလမ်းတွေကို အလေးထား လုပ်ဆောင်နေကြောင်းနဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို အသိပေးသွားဖို့ အရေးကြီးတဲ့အကြောင်း ပြောကြားသွားပါတယ်။
ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၄၈ နိုင်ငံရှိပြီး မြန်မာနိုင်ငံဟာ မဆလ အစိုးရလက်ထက် ၁၉၈၇ နှစ်ကစတင်ပြီး သတ်မှတ်ခံရတာပါ။
မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိ ၂၆ ရာခိုင်နှုန်းရှိနေတဲ့ ဆင်းရဲမှုနှုန်းကို ၂၀၁၅ မှာ ၁၆ ရာခိုင်နှုန်းအထိ လျော့လျဖို့နဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဘ၀က ရုန်းထွက်ဖို့ ကြိုးပမ်းနေတယ်လို့ အစိုးရသက်တမ်း ၁ နှစ် ပြည့်မိန့်ခွန်းမှာ ပြောကြားထားပါတယ်။
DVB
Category: bcjpnoa, bcjpnob, News, winnaingoo



