ပြန်ကြားရေးနဲ့ ကျန်းမာရေးဝန်ကြီးသစ်တွေ ခန့်အပ်ဖို့ သမ္မတ အဆိုပြု

ဝန်ကြီးနေရာအဆိုပြုခံရတဲ့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ပုံ photo: RFA/ Myo Thant Khaing
လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနေရာအတွက် ဒုတိယ၀န်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာ အတွက် ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင်ကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ မနေ့ကရက်စွဲနဲ့ သ၀ဏ်လွှာပေးပို့ အဆိုပြုလိုက်ပါတယ်။
သမ္မတဦးသိန်းစိန် အဆိုပြုထားသူတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ အခုလို ပြောကြားခဲ့ပါတယ်။
"ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနေရာတွင် ၄င်းဌာန၏ ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးနေရာမှာ ၄င်းဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာ သန်းအောင် တို့အား ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားတဲ့စာမိတ္တူများကို ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားပါတယ်၊ အခြေခံဥပဒေပုဒ်မ ၁၃၂ ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားသော အရည်အချင်းများ မပြည့်စုံပါက သက်သေအထင်အရှားပြပြီး ကန့်ကွက်လိုသူရှိပါက အရည်အချင်းအမည် စာရင်းပေးပို့နိုင်ကြောင်း ကြေညာပါတယ်"
ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန်နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးကြရမှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ကို နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မနေ့က နိုင်ငံပိုင်မီဒီယာတွေကနေ ကြေညာခဲ့တာဖြစ်ပါတယ်။
RFA



