တရားဥပဒေနဲ့ အညီ နေထိုင်လုပ်ကိုင်စားသောက်မယ်ဆိုရင် ဘယ်သူမဆို ဘယ်အဖွဲ့အစည်းကို မဆို အစိုးရအနေနဲ့ အကာအကွယ်ပေးသွားမယ်လို့ စာပြန်ကြား

hnm | 金曜日, 7月 25, 2014 |




နိုင်ငံတော်၏ ကန့်သတ်နယ်နမိတ်အတွင်းသို့ အယောင်ဆောင်၍ဝင်ရောက်ကာ စုံစမ်းထောက်လှမ်း ဖေါ်ပြဖြန့်ကြဲရန် ကြိုးပမ်းခဲ့ကြသူများအား ထောင်ဒဏ်နှစ်ရှည် အပြစ်ဒဏ် ချမှတ်ခံရခြင်းနှင့်ပတ်သက်၍ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးကခုလို ပြောပါတယ်။

“အဓိကကတော့ ထောင်ဒဏ် ၁၀ နှစ်ချတာ များတယ်ဆိုတာနဲ့ ပတ်သက်လို့ ဒါက တရားရုံးရဲ့ တရားစီရင်မှု ဖြစ်နေတယ်။ အဲဒါက အစိုးရနဲ့ မဆိုင်ဘူး။ တရားစွဲဆိုတာလည်း သက်ဆိုင်ရာ တပ်ကနေပြီး ဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုလုပ်ပြီး စွဲထားတာ။ နိုင်ငံတော်သမ္မတအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိပါတယ်။”

ဇူလိုင် ၂၂ ရက် ရက်စွဲပါ သမ္မတရဲ့ ပြန်ကြားစာမှာ လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်တာကြောင့် သက်ဆိုင်တဲ့ အဖွဲ့အစည်းက တရားစွဲဆိုပြီး တရားရေးမဏ္ဍိုင်က ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ်တရားစီရင်တာဟာ အုပ်ချုပ်တဲ့အစိုးရနဲ့ တိုက်ရိုက်ပတ်သက်ခြင်းမရှိဘူးလို့ ဥပဒေတွေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

ပြည်တွင်းပြည်ပ မီဒီယာတချို့ရဲ့ မသင့်လျော်တဲ့ အမုန်းပွားစေတဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ ရေးသားလှုံ့ဆော်မှုတွေကြောင့် နိုင်ငံတွင်း လူအုပ်စုချင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တာကို ကြုံတွေ့ခဲ့ရပြီးဖြစ်တယ်။ ပြည်သူတွေအနေနဲ့ မီဒီယာကို လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ မီဒီယာဖြစ်စေလိုတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ဒီကိစ္စတွေကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာနယ်ဇင်းကောင်စီယာယီက တာဝန်ရှိသူတွေကိုလည်း ဇူလိုင် ၂၁ ရက်က နေပြည်တော်မှာ ခေါ်ယူတွေဆုံ ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်တယ်။ အစိုးရအနေနဲ့ လွတ်လပ်မှုနဲ့ ပြည်သူတွေကို အန္တရာယ်မဖြစ်စေဖို့ တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီညီ လုပ်ဆောင်ရတာကို နားလည်ပေးဖို့နဲ့ တရားဥပဒေနဲ့ အညီ နေထိုင်လုပ်ကိုင်စားသောက်မယ်ဆိုရင် ဘယ်သူမဆို ဘယ်အဖွဲ့အစည်းကို မဆို အစိုးရအနေနဲ့ အကာအကွယ်ပေးသွားမယ်လို့ စာပြန်ကြားခဲ့ပါတယ်။

DVB

Edited ( TEAM BCJP)

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ