ဦးဆောင်ကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး KNU ကြေညာချက်ထုတ်ပြန်

hnm | 月曜日, 7月 28, 2014 |



တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့၏ ထိပ်သီးအစည်းအဝေး၌ ဦးဆောင်ကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး NCCT အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင် ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၅ ရက်ထုတ် မဇ္ဈိမမြန်မာသတင်းတွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် “အပစ်ရပ်မူကြမ်း သဘောကွဲပါက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဆုံးဖြတ်မည်” ဟူသည့် သတင်းနှင့်ပတ်သက်ပြီး KNU မှ ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါသတင်းမှာ သတင်းဖတ်ရှုသူများကို နားလည်မှု လွဲမှားစေနိုင်သည့်အတွက် KNU ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် ယခုထုတ်ပြန်ကြေညာမှုဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှု အထောက်အကူဖြစ်ရန် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း KNU က ဆိုသည်။ NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ဦးဆောင်ကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ယခုအစည်းအဝေး ကာလတစ်ခုအတွက်သာဖြစ်ပြီး ထိပ်သီးအစည်းအဝေး ရှောရှောရှူရှူ ဖြစ်ရေးအတွက် ကြီးကြပ်ရန်နှင့် NCCT မှ ပြုစုထားသော NCCT အဖွဲ့ဝင်များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အစီအစဉ်များအား အတည်ပြုချက်ပေးရန် စသည့်ရည်ရွယ်ချက်ဖြင့် လုပ်ငန်းများ လုပ်ဆောင်ရန်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

KNU အဖွဲ့၏ ကြေညာချက်တွင် မှတ်ချက်တစ်ခုကို ရေးသားဖော်ပြထားရာ ယင်းမှတ်ချက်တွင် NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) နှင့် ပတ်သက်သော ဆုံးဖြတ်ချက်ချမှတ်ခြင်း နည်းလမ်းမှာ အားလုံးလက်ခံနိုင်သည်အထိ ညှိနှိုင်းအဖြေရှာသွားရန် သဘောတူထားကြသည်ဟု ပါဝင်သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များ၏ ရွေးချယ်မှုအရ ဦးဆောင်ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ငြိမ်းဇော်လင်း၊ အောင်ဇော်ထွန်း
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ