သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း ၂၄ နာရီ မီးပေးနိုင်ရန် မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံအား ဂျပန်အကူအညီဖြင့် တည်ဆောက်မည်

hnm | 土曜日, 8月 16, 2014 |


သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(က)အား အကောင်အထည်ဖော်ဆောင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)


သီလ၀ါ အထူးစီးပွားရေးဇုန် ဧရိယာအတွင်း ၂၄ နာရီလုံး မီးပေးနိုင်ရန်အတွက် မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံအား (စုစုပေါင်း မဂ္ဂါဝပ် ၁၀၀) ဂျပန်နိုင်ငံ အကူအညီဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သော သီလ၀ါအထူးစီးပွားရေးဇုန် ဥပဒေပြဋ္ဌာန်း အစည်းအဝေး အခမ်းအနားတွင် သိရသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံ နှစ်ရုံအား တည်ဆောက်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေအတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးသွားမည်ဖြစ်ကြောင်း၊ ထိုလျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံ အလုံးစုံ ပြီးစီးသွားပါက နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံ ၄၉ ရုံအား လျှပ်စစ်ဓာတ်အား အပြည့်အ၀ ပေးသွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

“စက်ရုံတည်ဆောက်ဖို့အတွက် ဂျပန်နိုင်ငံက ချေးငွေအတိုးသက်သာစွာ ချေးပေးတယ်။ ဂျပန်ကချေးငွေနဲ့ နည်းပညာပါ ယူသွားမှာဖြစ်တဲ့အပြင် လျှပ်စစ်ဝန်ကြီးဌာနရဲ့ အကူအညီလည်းယူပြီး တည်ဆောက်သွားမှာဖြစ်တယ်” ဟု သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် လျှပ်စစ်လိုအပ်ချက်မှာ ၂၀၁၅ ခုနှစ်တွင် မဂ္ဂါဝပ် ၁၀ မှ ၂၀၊ ၂၀၁၈ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀ မှ ၉၀၊ ၂၀၂၀ ခုနှစ်တွင် မဂ္ဂါဝပ် ၁၆၀ မှ ၂၂၅ မဂ္ဂါဝပ်အထိ လိုအပ်နိုင်ကြောင်းဟု သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

“သီလ၀ါအထူးစီးပွားရေးဇုန်က ဂျပန်နဲ့မြန်မာ ပူးပေါင်းပြီးဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တယ်။ ဒါကြောင့်မို့လို့ အခြေခံအဆောက်အအုံ ဆောက်တဲ့အခါ ဂျပန်ကချေးငွေ အထောက်အပံ့ရတယ်။ ဂျပန်က အတိုးနှုန်းသက်သာတဲ့အပြင် ပြန်ဆပ်ဖို့အတွက် နှစ် ၄၀ အချိန်ရတယ်။ အခုလောလောဆယ်ဆောက်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက ဇုန်အတွင်းမှာ မီးမပျက်တဲ့အပြင် ဗို့အားလျော့တာတွေ ဘာတွေ မရှိဘူး” ဟု ဦးဆက်အောင်က ဆက်လက်ပြောကြားသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းသည် ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ၂၀ ကီလိုမီတာအကွာ သန်လျင်နှင့် ကျောက်တန်းမြို့နယ်အတွင်း တည်ရှိသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းကို Class A နှင့် Class B ဟူ၍ နှစ်ပိုင်းပါဝင်ပြီး Class A ၌ မော်တော်ကားစက်ရုံ၊ အီလက်ထရောနစ်စက်ရုံ စသည့်စက်မှုလုပ်ငန်းများ ပါဝင်ပြီး Class B ၌ အထည်ချုပ်စက်ရုံ၊ စားသောက်ကုန်စက်ရုံများ ပါဝင်ကြောင်း၊ သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းမှာ မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်သည့် စီမံချက်ဖြစ်ကြောင်းလည်း သိရသည်။


ပြည့်စုံအောင်၊ ဆန်းထူးအောင်
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ