အခြေခံကျောင်းများအတွက် ကျပ်သန်း နှစ်သောင်းကျော်သုံးမည်

၂၀၁၅-၁၆ ပညာသင်နှစ်တွင် အခြေခံကျောင်းများအားလုံးအတွက် ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင် ထောက်ပံ့ကြေး ကျပ်ငွေ ၂၀,၅၂၃ သန်း အသုံးပြုသွားမည်ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါထောက်ပံ့ငွေများကို ကမ္ဘာ့ဘဏ်မှ ပေးအပ်ထားသည့် အမေရိကန်ဒေါ်လာသန်း ၁၀၀ မှ ကျောင်းထောက်ပံ့ကြေးအဖြစ် ၁၉ သန်း (ကျပ်သန်း ပေါင်း ၁၉,၀၀၀)၊ ပညာသင်ထောက်ပံ့စရိတ် သုံးနှစ်စီမံကိန်း အဖြစ် ၄ ဒသမ ၅ သန်းမှ လာမည့်ပညာသင်နှစ်အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅သန်း (ကျပ် သန်းပေါင်း ၁,၅၀၀)၊ ပညာရေးဝန်ကြီးဌာနဘဏ္ဍာငွေမှ ကျောင်းထောက်ပံ့ကြေးအဖြစ်ကျပ် ၂၃ သန်း ကျော်သုံးစွဲမည်ဖြစ်သည်။
ဦးကိုလေးဝင်းက“ထောက်ပံ့စရိတ်တွေကို တစ်နှစ်ကို နှစ်ကြိမ်ခွဲပြီးပေးအပ်မှာ ဖြစ်ပါတယ်။ ကျောင်းတွေရဲ့ လိုအပ်ချက်ကို အတော်အတန်တော့ ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်”ဟုပြောသည်။
၂၀၁၄-၂၀၁၅ခုနှစ်အတွက် ကျောင်းထောက်ပံ့စရိတ်နှင့် ပညာရေးကဏ္ဍ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ကမ္ဘာ့ဘဏ်မှ ပေးအပ်ထားသည့်ငွေမှ သန်း ၂၀ ကျော်သုံးစွဲရန်ထားရှိသည်ဟုဆိုသည်။
အဆိုပါ ကျောင်းထောက်ပံ့စရိတ်များကို ကျောင်းသားဦးရေအပေါ်မူတည်၍ တစ်နှစ်လျှင် ကျောင်းသားဦးရေ ၁၀၀ ရှိလျှင် ကျပ် ၈၀၀,၀၀၀၊ ကျောင်းသားဦးရေ ၂၀၀ လျှင် ကျပ် ၁,၂၀၀,၀၀၀၊ ကျောင်းသားဦးရေ ၃၀၀ ရှိလျှင် ကျပ် ၁,၄၀၀,၀၀၀ နှင့် ကျောင်းသားဦးရေ ၅၀၀ ရှိလျှင် ကျပ် ၁,၆၀၀,၀၀၀ ပေးအပ်မည်ဖြစ်သည်။
ထောက်ပံ့ငွေကို ကျောင်းများစတင်ဖွင့်ပြီး ဇွန်လ နောက်ဆုံးပတ်တွင် ပထမရစ်ကိုလည်းကောင်း၊ အောက်တိုဘာလတွင် ဒုတိယအရစ်ကိုလည်းကောင်း သက်ဆိုင်ရာပညာရေးမှူးရုံးများမှတစ်ဆင့် ရပ်ကွက်ကျေးရွာ လူထုကော်မတီများထံသို့ ပေးအပ်သွားမည်ဖြစ်သည်။ အခြေခံကျောင်းများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာကျောင်းအုပ်များက ရပ်ကွက်ကျေးရွာ လူထုကော်မတီနှင့် ညှိနှိုင်းသုံးစွဲမည်ဖြစ်သည်။
လာမည့်ပညာသင်နှစ်တွင် ကျောင်းထောက်ပံ့ကြေးများကို ဘုန်းတော်ကြီးသင်ကျောင်းများတွင် ပေးအပ်ရန် စီစဉ်နေဆဲ ဖြစ်သည်ဟု ဦးကိုလေးဝင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုထားသည့် ဘုန်းတော်ကြီးသင်ပညာသင်ကျောင်း ၁၅၀ ကျော်ရှိပြီး ပညာရေးဝန်ကြီးဌာနလက်အောက်တွင် အခြေခံပညာမူလတန်းကျောင်း ၃၀,၀၁၅ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၆,၆၂၉ ကျောင်း၊ အထက်တန်းကျောင်း၂,၇၉၅ ကျောင်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဇာနည်အောင်
Mizzima News



