မြို့ပြစီမံကိန်းအပါအဝင် မြေယာစီမံခန့်ခွဲရေးများအား တစ်ခုတည်းသော မူဝါဒသဘောထားအပြင် စောင့်ကြပ်ပေးနိုင်သော ဥပဒေတစ်ရပ် ပေါ်ပေါက်လာရန်ဆွေးနွေးဆုံးဖြတ်

မြန်မာနိုင်ငံ မှာ မြို့ပြ စီမံကိန်း အပါအဝင် မြေယာ စီမံ ခန့်ခွဲရေး နဲ့ ပတ်သက်ပြီး၊ အစိုးရမှာ တစ်ခု တည်း သော မူဝါဒ သဘောထား နဲ့၊ အဲဒီ့ မူဝါဒကို စောင့်ကြပ် ပေးနိုင်တဲ့ ဥပဒေတစ်ရပ် ပေါ်ပေါက် လာဘို့ ဆောင်ရွက် သွားမယ့် အကြောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့ က နေပြည်တော်မှာ ပြုလုပ်သွား တဲ့၊ အလုပ်ရုံ ဆွေးနွေးပွဲ မှာ ဆုံးဖြတ်နိုင်ခဲ့ ကြပါတယ်။
အဲဒီ ဆွေးနွေးပွဲ ကို သမ္မတ ဦးသိန်းစိန် တက်ရောက် ဖွင့်လှစ် ပေးခဲ့ပြီး၊ ပြောခဲ့တဲ့ မိန့်ခွန်းထဲ မှာ မြေယာနဲ့ ပတ်သက်တဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေ နှောင့်နှေး ကြန့်ကြာမှု့ ဖြစ်နေရတဲ့ အပေါ် အသိအမှတ်ပြု ပြောခဲ့သလို၊ စစ်မှန်တဲ့ မြေမဲ့ယာမဲ့တွေ ကို နေရာ ချထားပေး ဘို့ ဆောင်ရွက်မယ့် အကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါ တယ်။
အရင်ကလည်း မြေယာ စီမံခန့်ခွဲရေး နဲ့ ပတ်သက်ပြီး အစိုးရ ဝန်ကြီး အပါအဝင် အဆင့်မြင့် အရာရှိတွေ နဲ့ ဖွဲ့စည်းထား တဲ့ ကော်မတီနဲ့၊ အစည်းအဝေး တွေ ရှိခဲ့ပေမယ့်၊ အခု နေပြည်တော် အလုပ်ရုံ ဆွေးနွေးပွဲ ကတော့၊ နိုင်ငံတော် အဆင့် ပထမဆုံး ကျင်းပခဲ့တာ ဖြစ်ကြောင်း၊ ဒီ ဆွေးနွေးပွဲ ကို တက်ရောက် ခဲ့တဲ့ မင်္ဂ္လာမြန်မာ NGO အဖွဲ့ကို တည်ထောင်သူလည်း ဖြစ်၊ ဂျပန်နိုင်ငံ JBIC ဘဏ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေး တစ်ဦးလည်း ဖြစ်တဲ့ ဒေါက်တာ ဖုန်းဝင်း က ပြောပါတယ်။
လောလောဆယ် အခြေအနေမှာ တော့၊ မြို့ပြ စီမံကိန်း အပါအဝင် မြေယာနဲ့ ပတ်သက်တဲ့ စီမံ ခန့်ခွဲမှု့တွေ မှာ ပါဝင် ပတ်သက်နေ တဲ့ ဌာနတွေဟာ၊ အစိုးရ ဝန်ကြီးဌာနတွေ နဲ့ စည်ပင်သာယာ ဌာနတွေ စုစုပေါင်းရင် ၁၇ ခု လောက် ရှိနေပြီး၊ ဌာန အသီးသီးက မူဝါဒ အသီးသီး၊ လုပ်ပိုင်ခွင့် အသီးသီး၊ ဥပဒေ အသီးသီးနဲ့ ဆောင်ရွက် နေကြကြောင်း၊ ဒေါက်တာ ဖုန်းဝင်း က ပြောပါတယ်။
အခု လက်ရှိ အနေထားလို တစ်ခုနဲ့တစ်ခု လိုက်လျောညီထွေ မရှိ ဖြစ်နေကြတာမျိုး မဟုတ်ပဲ၊ စံနစ်ကျတဲ့ မူဝါဒ တစ်ခု၊ ဥပဒေတစ်ခု၊ လုပ်ပိုင်ခွင့် ရှိတဲ့ အဖွဲ့အစည်း တစ်ခု ပေါ်ထွန်း ပေါ်ပေါက်လာ ဘို့ အရေးကြီးကြောင်း ကို၊ အဲဒီ့ အလုပ်ရုံ ဆွေးနွေးပွဲ ကနေ သဘောတူ နိုင် ခဲ့ကြတယ် လို့ ဒေါက်တာ ဖုန်းဝင်း က ဆိုပါတယ်။
BBC



