ဘန်ကောက်ရှိ သန္ဓေသားမျိုးစပ် ဆေးခန်းကို ထိုင်းရဲတပ်ဖွဲ့ စီးနင်း

hnm | 土曜日, 8月 16, 2014 |



ထိုင်းအစိုးရက တရားမ၀င် အငှား ကိုယ်ဝန်ဆောင်မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက် အနေနဲ့ မြို့တော် ဘန်ကောက်က သန္ဓေသား မျိုးစပ်တဲ့ ဆေးခန်းကို ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့က ၀င်ရောက် စီးနင်း ခဲ့ပါတယ်။

ဇူလိုင်လက ဖွင့်တဲ့ ဘဝသစ် သန္ဓေသား မျိုးစပ်ဆေးခန်းကို ဝင်စီးခဲ့တဲ့ ရဲအရာရှိတွေနဲ့ ကျန်းမာရေး ဝန်ကြီးဌာန အရာရှိ တွေကတော့ ဒီဆေးခန်းဖွင့်ဖို့ မှန်ကန်တဲ့ လိုင်စင် မရှိဘဲ ဆရာဝန်ကလည်း ထိုင်းဆေးကောင်စီမှာ လိုအပ်တဲ့ စည်းမျဉ်းနဲ့အညီ မှတ်ပုံတင်မထားဘူးလို့ ပြောပါတယ်။

ထိုင်းစစ်အစိုးရကတော့ အငှားကိုယ်ဝန်ဆောင်မှုဆိုင်ရာ ဥပဒေမူကြမ်းကို အတည်ပြုပြီးပြီလို့ အစိုးရပြောခွင့်ရက သတင်းထောက်တွေကို သြဂုတ် ၁၃ ရက်နေ့ က ပြောပါတယ်။

စီးပွားဖြစ် အငှားကိုယ်ဝန်ဆောင်မှုမှာ ပါဝင်သူတွေဟာ ရာဇ၀တ်မှုပြစ်ဒဏ်ကို ခံရမယ်လို့ ပါဝင်ကြောင်း သူက ဆက်ပြောပါတယ်။

ဒီဥပဒေမူကြမ်းကို ထိုင်းအမျိုးသားလွှတ်တော် ညီလာခံမှာ အဆုံးသတ် အတည်ပြုဖို့ စောင့်နေပြီး အဲဒီနောက်မှာတော့ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်က တရားဝင် တံဆိပ် ခတ်နှိပ်ပေးရမှာ ဖြစ်ပါတယ်။

နောက်ဆုံးအတည်ပြုချက်ကျဖို့ ဘယ်လောက် အချိန်ကြာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လောလောဆယ် ထိုင်းနိုင်ငံမှာ တရားမ၀င် အငှားကိုယ်ဝန်ဆောင် ၀န်ဆောင်မှုတွေအတွက် သက်ညှာတဲ့ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၆ သောင်း ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်ပေါင်းကို ချမှတ်နေပါတယ်။

ဒီလအစောပိုင်းက ဘန်ကောက်မြို့တိုက်ခန်းတခုမှာ မျိုးရိုးဗီဇ (ဒီအန်အေ) တူညီတဲ့ ကလေး ၉ ယောက်နဲ့ ကလေးထိန်း ၉ ယောက်ကို ထိုင်းအရာရှိတွေ တွေ့ရှိခဲ့ပါတယ်။

ထိုင်းအငှားကိုယ်ဝန်ဆောင်နဲ့ ကလေး ၁၃ ယောက်တို့ရဲ့ ဖခင်ဖြစ်သူလို့ သံသယရှိတဲ့ ဂျပန်စီးပွားရေးသမားကို ရှာနေဆဲလို့ ထိုင်းအာဏာပိုင်တွေက သြဂုတ် ၁၃ ရက်နေ့က ပြောပါတယ်။

သြစတြေးလျအစိုးရကတော့ ထိုင်းအစိုးရက အပြောင်းအလဲတွေ မလုပ်ခင် လောလောဆယ် ရှိနေဆဲ အငှားကိုယ်ဝန်ဆောင်ကိစ္စတွေ ပြီးဆုံးသည်အထိ ခွင့်ပြုဖို့ တောင်းဆိုခဲ့ပြီးပါပြီ။

ဒါပေမယ့် ဒီတောင်းဆိုချက်ကို ထိုင်းအစိုးရက ဘယ်လိုတုံ့ပြန်တယ်ဆိုတာတော့ မသိရသေးပါဘူး။

DVB

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ