ရန်ကုန်မြို့သစ်ချဲ့ထွင်ရေးစီမံကိန်းအတွက် မြေဧက သုံးသောင်းတွင် ကျပ်ဘီလီယံ ၇ဝဝဝနှင့် ကန်ဒေါ်လာ ၈ဘီလီယံသုံးမည်

လူဦးရေ ၇သန်းခန့်ရှိသည့် ရန်ကုန်မြို့တွင် လူထုစီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးလာမှုကြောင့် မြို့တိုးချဲ့ရန် လိုအပ်လျက်ရှိတာကြောင့် ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် မြေဧရိယာ ဧကသုံးသောင်းကို ကျပ်ဘီလီယံ ၇ဝဝဝနှင့် အမေရိကန်ဒေါ်လာ ၈ဘီလီယံ သုံးစွဲမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သြဂုတ်လ ၂၂ရက်က ရန်ကုန်တိုင်းလွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။
အဆိုပါ မြို့သစ်ချဲ့ထွင်မည့် စီမံကိန်းကို ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ် နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းကြား၊ မြေနေရာများကိုလျာထားပြီး ယင်းနေရာများသည် ကြည့်မြင်တိုင်မြို့နယ်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်နှင့် တွံ့တေးမြို့နယ်များအတွင်း တည်ရှိသည်။
ယင်းစီမံကိန်းကို သုံးနှစ်အတွင်း ၇ဝရာခိုင်နှုန်း အပြီး ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့်နေရာကို မြို့မြေအဖြစ် ဆောင်ရွက်ပြီးပါက မြေပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ စိတ်ပါဝင်စားသည့် နိုင်ငံသားများ ပါသည့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီလီမိတက်ကို တာဝန်ပေးအပ်ကာ အကောင်အထည်ဖော်ရန် လျာထားထားသည်ဟု ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် ပါရှိသည်။
စီမံကိန်းဖော်ထုတ်ရန် မြေအမျိုးအစားစုံတွင် လယ်မြေများလည်း ပါဝင်ပြီး တည်ဆဲလယ်ယာမြေ ပုဒ်မ ၂၉အရ နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
Mizzima News



