၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်မည့် ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းကို နိုဝင်ဘာလအတွင်း ထုတ်ပြန်မည်

မြန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ထမ်းစာရင်းအား ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ထိပ်တန်းအခွန်ထမ်း ၁ဝဝ ဦးစီနှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ထိပ်တန်းအခွန်ထမ်း ၅ဝဝ ဦးစီ ထုတ်ပြန်ပေးခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ ဦးအထိ ထုတ်ပြန်ပေးရာတွင် ယခင်အခွန်ရှောင်သည့် လုပ်ငန်းအုပ်စုကြီးများ ပါဝင်မှုရှိမရှိ မီဒီယာသမားများက မေးမြန်းမှုကို ဦးမင်းထွဋ်က တုံ့ပြန်ဖြေကြားခြင်းဖြစ်သည်။
“ခင်ဗျားတို့မေးတဲ့ ကုမ္ပဏီတွေ အကုန်ပါတယ်။ သူတို့ကိုယ်တိုင် အခွန်ဆောင်မှ ဖြစ်တော့မယ်ဆိုတာ သိလာသလို ကျွန်တော်တို့ကလည်း အခွန်တိုးမြှင့်ရရှိဖို့ လုပ်ဆောင်ခဲ့လို့ပါ” ဟု ဦးမင်းထွဋ်က ပြောကြားသည်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့သည့် လုပ်ငန်းများမှာ Myanmar Brewery Ltd၊ Rothmans of Pall Mall Myanmar Pte.Ltd၊ Dagon Bev-erages Co.,Ltd၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co., Ltd၊ City Mart Holding Co.,Ltd၊ Premier Coffee Co.,Ltd ၊ Yathar Cho Industry Ltd၊ Max(Myanmar) Manufacturing Co.,Ltd၊ Straits Green Field Ltd.(Sedona Hotel-YGN) တို့ဖြစ်သည်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းများမှာ Kanbawza Bank Ltd.၊ Myanmar Brewery Ltd၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ Shwe Taung Development Co., Ltd တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၄ဝဝဝဝ ခန့်ရှိသည့်အနက် ကုမ္ပဏီပေါင်း ၁၅ဝဝဝ ခန့်သာ လတ်တလော အခွန်ဆောင်မှုရှိနေပြီး အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆ဝ ခန့်ကို ခေါ်ယူသတိပေးမှု ပြုလုပ်ထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁ဝ နှစ်အထိ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်သည့် အခွန်ဥပဒေဖြင့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားထားသည်။
ဖြိုးဝေ
EMG



