ယူ-၁၉ အသင်းသားများကို အထူးပင် လေးစားမိကြောင်း နည်းပြချုပ် ဖွင့်ဟ
မြန်မာ ယူ-၁၉ အသင်း နည်းပြ အဖွဲ့ဝင်များနှင့် အတူ တွေ့ရသည့် နည်းပြချုပ် ဂတ်ဇီဆီ (လယ်)။ ဓာတ်ပုံ - ရဲဟိန်း
ယူအေအီး အသင်းကို အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ပြီးနောက် မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဇီဆီက မိမိတို့ထက် အင်အားကြီးသည့် အသင်းကို စိတ်ဓာတ်ကောင်းမွန်စွာဖြင့် အနိုင်ကစား နိုင်ခဲ့သည့် အတွက် အထူးပင် လေးစားမိကြောင်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဇီဆီက "ကျွန်တော့်မှာ ဦးထုပ် မရှိပေမယ့်လည်း သူတို့ကို ဦးထုပ်ချွတ်ပြီး လေးစားကြောင်း ပြသ ချင်မိတယ်"ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ယူအေအီးဟာ အရမ်းကို တောင့်တင်းတဲ့ အသင်းပါ။ ကျွန်တော်တို့ရဲ့ ရပ်တည်ရှင်သန်မှုတွေ အတွက် ကျွန်တော်တို့ အစွမ်းကုန် အားထုတ် ခဲ့ကြတယ်။ ဒီနိုင်ပွဲက မလှပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အတွက်တော့ သိပ်ကို တန်ဖိုးရှိခဲ့ ပါတယ်"ဟု ယူ-၁၉ အသင်း၏ ဂျာမနီလူမျိုး နည်းပြချုပ်က ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဂတ်ဇီဆီက ယူအေအီးကို ရင်ဆိုင်ရန် မြန်မာအသင်း၏ ခံစစ်ပိုင်းကို သေချာပြင်ဆင်ခဲ့ကြောင်း ဆိုခဲ့ပြီး ပွဲချိန်အတွင်း ၅-၃-၂ ကစားကွက်မှ ၃-၅-၂ ကစားကွက်သို့ အလျှင်အမြန် ပြောင်းလဲ ကစားနိုင်ရန် ပြင်ဆင်ထား ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ အထူးသဖြင့် ပွဲ၏ ဒုတိယပိုင်းတွင် ယူအေအီး အသင်း ကစားအား ကျသွားသည်ကို အခွင့်ကောင်းယူနိုင်ရန် ပြင်ဆင်ခဲ့ပြီး တစ်ကယ်လည်း အလုပ်ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ထို့အပြင် ၎င်းက အီရန်နှင့် ပွဲအပြီးတွင် နားရက် လုံလောက်စွာ ရခဲ့ခြင်းမှာလည်း ကွာတားဖိုင်နယ် အတွက် ပြင်ဆင်ရာတွင် အရေးပါခဲ့ကြောင်း ၀န်ခံခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ချန်ပီယံဆုကို ၇ ကြိမ်တိုင် ရယူထားနိုင်ခဲ့ပြီး ပြိုင်ပွဲ၏ ဒုတိယ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည် နိုင်ခဲ့သော်လည်း ၁၉၇၂ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း လေးဆယ်ကျော်ကြာ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် အဆင့်နှင့် ဝေးကွာနေခဲ့ ရာမှ တစ်ဖန်ပြန်လည် ပါဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲ၏ သတ်မှတ်ချက် အရ နောက်ဆုံးလေးသင်းမှာ ၂၀၁၅ ခုနှစ်တွင် နယူးဇီလန် နိုင်ငံ၌ ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ရာ မြန်မာ အသင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ရပ်ကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။
Mizzima News
Category: bcjpnob, News, winnaingoo



