မြန်မာနိုင်ငံအတွင်း ကျင်းပပြုလုပ်သော ပွဲလမ်းသဘင်များတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲကဲ့သို့ လောင်းကစားပွဲများ လုံးဝခွင့်မပြုသင့်

hnm | 月曜日, 10月 13, 2014 |



၂၀၁၃ ခုနှစ်က တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတွင် ပြိုင်ပွဲဝင် မီးပုံ လွှတ်တင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)


 အောက်တိုဘာ ၃၀ ရက်တွင် စတင်ကျင်းပတော့မည့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားဆိုင်များကို ခွင့်ပြုမည် မဟုတ်ကြောင်း တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက အောက်တိုဘာ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။


၎င်းက "လောင်းကစားဝိုင်းတွေ လုံးဝခွင့်မပြုဘူး၊ အရင်ခေတ်တုန်းကတော့ ပွဲတော်မှာ လောင်းကစားဝိုင်းတွေ ထည့်တာရှိခဲ့တယ်၊ ဒီနောက်ပိုင်းခေတ်မှာ လုံးဝခွင့်မပြုဘူး” ဟု ပြောသည်။
၂၀၁၂ခုနှစ်က ပျော်ပွဲရွှင်ပွဲအမည်ခံ၍ လုပ်ဆောင်ခဲ့သည့် လောင်းကစားဆိုင်များရှိခဲ့ပြီး သတ်မှတ်ချက် ဘောင်ကျော်ကာ လုပ်ကိုင်သည့် လောင်းကစားဝိုင်းများကို ရှမ်းပြည်နယ်အစိုးရက ပွဲမပြီးခင် ပိတ်သိမ်းရန် ညွန်ကြားခဲ့သည်ဟု ဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောသည်။
ယခုနှစ် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဘဏ္ဍာရေး လုပ်ငန်းကော်မတီမှ လုပ်ငန်းများအတွက် အိတ်ဖွင့် တင်ဒါခေါ်ယူမှုတွင်  ကုမ္ပဏီ အပါအဝင် စားသောက်ကုန်၊ အလှကုန်၊ အိမ်အသုံးအဆောင်၊ ယမကာလုပ်ငန်း၊ ယာဉ်ရပ်နားစခန်း၊ ပျံကျဈေးကောက်လုပ်ငန်း၊ အရောင်းပြခန်း၊ ကြော်ငြာပြခန်း၊  ချားရဟတ်၊ ဆယ့်နှစ်ပွဲဈေးလုပ်ငန်းနှင့် ရေချိုးခန်း သန့်စင်ခန်းလုပ်ငန်း အစရှိသည့် လုပ်ငန်းများသာ ပါဝင်ပြီး ပျော်ပွဲရွှင်ပွဲလုပ်ငန်း တင်ဒါ မပါဝင်ပေ။                    
၂၀၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး လုံခြုံရေးကိုလည်း ယခင်နှစ်ထက် နှစ်ဆ တိုးမြှင့် ချထားမည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ပြောသည်။
တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ကော်မတီတွင် ရှမ်းပြည်နယ် ဘဏ္ဍာခွန်ဝန်ကြီး ဦးခွန်သန်းမောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးမြင့်ထူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။
၂၀၁၄ ခုနှစ်အတွက် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ၌ ညမီးကြီး ၈၉လုံး၊ စိန်နားပန် မီးပုံးပျံ ၃၄ လုံး နှင့် နေ့လွတ် ခြေနှစ်ချောင်းအရုပ် ၉၀၊ ခြေ လေးချောင်း အရုပ် ၆၂၊ အုပ်စု ၃၀ လုံး၊ စုစုပေါင်းမီးပုံးပျံ အရေတွက် အလုံးပေါင်း (၃၀၀) ကျော် ပါဝင် ယှဉ်ပြိုင်ရန် စာရင်းပေးထားပြီး ယခင်နှစ်ထက် ပိုများလာသည်ဟု တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောသည်။
ယခုနှစ်ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ ပြိုင်ပွဲအတွက် ပထမဆု ကျပ်၄၅သိန်း၊ ဒုတိယဆု ၃၅ သိန်း၊ တတိယဆု သိန်း ၃၀၊ စိန်နားပန် မီးပုံးပျံပြိုင်ပွဲအတွက် ပထမဆု ကျပ်၁၅ သိန်း၊ ဒုတိယဆု ၁၂သိန်း၊ တတိယဆု ၁၀ သိန်းတို့အပြင် နေ့လွှတ် အရုပ်များကိုပါ ဆုရွေးချယ်၍ ငွေသားချီးမြှင့်ရန် စီစဉ်ထားသည်ဟု တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

တောင်ကြီး (မဇ္ဈိမ)

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ