မြန်မာ့အားကစားလောက စည်းကမ်းရှိစွာအားပေးဘို့လိုအပ်

hnm | 月曜日, 10月 20, 2014 |



မြန်မာနိုင်ငံမှ အိမ်ရှင်ဖြစ် လက်ခံကျင်းပလျက် ရှိသော AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ်အချို့၏ မလိုလားအပ်သော အပြုအမူ များကြောင့် အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄၀၀၀ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲ များမှ ပွဲစဉ်(၁)ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား ပြစ်ဒဏ်ချမှတ် အရေးယူခဲ့သည်။

အဆိုပါ ပြိုင်ပွဲအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပလျက် ရှိပြီး ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းတွင် အောက်တိုဘာ ၁၃ ရက်နေ့ အီရန်နှင့် ကစားခဲ့သည့် အုပ်စု နောက်ဆုံးပွဲစဉ်တွင် ပရိသတ် အချို့က ပွဲကြည့် ထိုင်ခုံများအား ရိုက်ချိုးဖျက်ဆီး၍ ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်း သတ်မှတ်နေရာများတွင် အားပေးမှု မရှိခြင်း စသည့် အပြုအမူများ ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက်နေ့ ယူအေအီး အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်အနိုင်ရရှိခဲ့ပြီး မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံး ကမ္ဘာ့ဖလား (ယူ၂၀) ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သည့် အတွက် ပရိသတ်အချို့ ကွင်းအတွင်း မြက်ခင်းပြင်ပေါ်သို့ ၀င်ရောက်၍ အောင်ပွဲခံခဲ့ကြပါသည်။ အဆိုပါ ပွဲစဉ်တွင် ကွင်းအတွင်း ၀င်ရောက်ခဲ့သည့် အချို့သော ပရိသတ်များ အနေဖြင့် ပြိုင်ဘက်အသင်းအား မလိုလားအပ်သော နောက်ပြောင်မှု ပြုလုပ်ခြင်း၊ ကွင်းအတွင်းရှိ အားကစားဆိုင်ရာ ပစ္စည်းအချို့ ပျက်စီးခဲ့ခြင်း တို့ကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း အရ အထက်ပါအတိုင်း ပြစ်ဒဏ်များ ချမှတ် အရေးယူ ခဲ့ခြင်းဖြစ်သည်။ အာရှ ဘောလုံး အဖွဲ့ချုပ်၏ အရေးယူမှု သတိပေးချက်အရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေဖြင့် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄၀၀၀ ပေးဆောင်ရမည့် အပြင် ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲ(၁)ပွဲ ကစားစေရန် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အကယ်၍ အောက်တိုဘာလ ၂၀ ရက် (ယနေ့)တွင် ကာတာ အသင်းနှင့် ကစားရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပရိသတ်များ၏ အလားတူ ဖြစ်ရပ်မျိုး (သို့မဟုတ်) စည်းကမ်းချိုးဖောက်မှုမျိုး တစ်ခုခု ထပ်မံပြုလုပ်ခဲ့ပါက ဗိုလ်လုပွဲတွင် ပရိသတ်မပါဘဲ ကစားရမည် ဖြစ်သည့်အပြင် သီးခြားပြစ်ဒဏ်များ ထပ်မံချမှတ်ခံရမည် ဖြစ်ပါသည်။

အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် AFC U19 Championship 2014 Regulations ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းဥပဒေများ ဖြစ်သည့် Article 65 နှင့် Article 3 (a)(ii) အရ ဒေါ်လာ (၁၀၀၀၀)၊ Article 67.1 နှင့် 67.3 အရ ဒေါ်လာ (၉၀၀၀)၊ Article 40.1 နှင့် Article 15.3 အရ ဒေါ်လာ (၅၀၀၀) စုစုပေါင်း ဒေါ်လာ ၂၄၀၀၀ အားပေးဆောင် စေရန်နှင့် Article 24 နှင့် Article 33.5 အရ ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲ တစ်ပွဲ ကစားစေရန် ( ၂ နှစ်တာ ကာလအတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် မည်သည့် နိုင်ငံတကာပွဲမဆို) ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အဆိုပါ ပြစ်ဒဏ်များအား လျှော့ပေါ့ပေးစေရန် အာရှ ဘောလုံးအဖွဲ့ချုပ်သို့ ထပ်မံ ရှင်းလင်းပန်ကြား၍ အယူခံဝင်သွားမည် ဖြစ်သည်။

မြန်မာ ယူ၁၉ အသင်းအား သမိုင်းဝင် အောင်မြင်မှု အဖြစ် ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ၀င်ရောက်ကစားခွင့် ရရှိစေအောင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးမှုအဖြစ် တခဲနက် စည်းကမ်းတကျ အားပေးကြည့်ရှု ခဲ့ကြသည့် ဘောလုံးချစ် ပရိသတ်များကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အထူးကျေးဇူးတင်ရှိပါသည်။ ၄င်းပွဲစဉ်သည် အာရှအဆင့် ပြိုင်ပွဲကြီးဖြစ်သည့်အတွက် ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုအား အာရှတိုက် နိုင်ငံများအပြင် အခြားနိုင်ငံအသီးသီးမှလည်း စိတ်ဝင်တစား အားပေးကြည့်ရှုလျက် ရှိရာ ပရိသတ်အချို့၏ ဖော်ပြပါအတိုင်း မလိုလားအပ်သည့် အပြုအမူမျိုး ပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူ အပြစ်ပေးမှုမျိုး ခံခဲ့ရသည့် အပြင် နိုင်ငံအတွက်လည်း အနည်းနှင့်အများ ဂုဏ်သိက္ခာ ထိခိုက်စေခဲ့ပါသည်။ အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပေါ်ပါက နိုင်ငံတကာ ပြိုင်ပွဲမျိုးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်များ ဆုံးရှုံး စေနိုင်ပါသည်။ ၂၀၁၁ ခုနှစ်က အိုမန်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း မလိုလားအပ်သည့် အပြုအမူများကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)မှ မြန်မာ့ လက်ရွေးစင် အသင်းအား ခြေစစ်ပွဲကစားခွင့် ပိတ်ပင်ခြင်း၊ ဒဏ်ငွေများ ချမှတ်ခြင်း စသည့် အရေးယူ အပြစ်ပေးမှုများကို ဂုဏ်သိက္ခာကျဆင်းစရာ အဖြစ် ခံခဲ့ရဖူးသည်မှာလည်း ပရိသတ်များ အားလုံး သိရှိပြီး ဖြစ်ပါသည်။

မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းမှာ ယခု အာရှပြိုင်ပွဲတွင် မိမိတို့ထက် အတွေ့အကြုံ၊ ကြံ့ခိုင်မှု ပိုမိုကောင်းမွန် တောင့်တင်းသည့် အာရှအဆင့် ထိပ်တန်းအသင်းများကို ကျော်ဖြတ်၍ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ခြင်း ကြောင့် ၂၀၁၅ ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို အာရှတိုက် ကိုယ်စားပြု အသင်းအဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့် ရသည်အထိ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ရာ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့ ည(၇း၀၀)နာရီတွင် ကစားရမည့် ကာတာ အသင်းနှင့် ဆီမီးဖိုင်နယ်တွင် မည်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ ဘောလုံးချစ် ပရိသတ်များ အနေဖြင့် မြန်မာအသင်း၏ ကြိုးစားအားထုတ် အောင်မြင်ခဲ့မှုကို ချီးကျူးအသိအမှတ်ပြု နားလည်သည့် အနေဖြင့် မလိုလားအပ်သော မည်သည့် အပြုအမူကိုမျှ မပြုလုပ်မိစေရန် အချင်းချင်း ၀ိုင်းဝန်းထိန်းသိမ်းကူညီဆောင်ရွက်ပေးကြပါရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အထူး မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

Myanmar Football Federation

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ