အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ ကွန်တိန်နာများကို စစ်ဆေးရာ အလုံး ၅၀၀ ကျော်မှာ တရားမ၀င်နှင့် အပိုတင်ဆောင်လာသော ပစ္စည်းများဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပိုမိုဖမ်းဆီးရမိ

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဖြစ်သည့် အေးရှားဝေါဆိပ်ကမ်းအား တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ ကွန်တိန်နာများကို ဖွင့်ဖောက်စစ်ဆေးရာ အလုံး ၅ဝဝ ကျော်မှာ တရားမဝင်နှင့် အပိုတင်ဆောင်လာသော ပစ္စည်းများဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပိုမိုဖမ်းဆီးရမိလာကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။
အရေးယူမှု စတင်ခဲ့သည့် ဩဂုတ်မှ စက်တင်ဘာလကုန်အထိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းငါးခုမှ ကွန်တိန်နာအလုံး ၂၈၆၉၉ လုံး ထုတ်ယူခွင့်ပြုခဲ့မှုတွင် မသင်္ကာသဖြင့် စစ်ဆေးခဲ့သော ကွန်တိန်နာများအနက် အလုံး ၅ဝဝ ကျော်မှ တရားမဝင် ပစ္စည်းများနှင့် တင်ပြထားသည့်ထက် ပိုမိုတင်သွင်းလာသော ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု Mobile Team ကွပ်ကဲရေးမှူးရုံးမှ ဦးရန်နိုင်ထွန်းက ပြောကြားသည်။
ဦးရန်နိုင်ထွန်းက “ဖမ်းဆီးရမိခဲ့တဲ့ အပိုင်းတွေက ကွန်ပျူတာအစိတ်အပိုင်းတွေ၊ နောက်ပြီး ကားနဲ့ပတ်သက်တဲ့ အစိတ်အပိုင်းတွေ၊ တခြား အီလက်ထရွန်နစ်ပစ္စည်းတွေ ဖြစ်တယ်” ဟု ပြောကြားသည်။
ဖမ်းဆီးရမိခဲ့သော ပစ္စည်းများကို အရေးယူရာတွင် အကောက်ခွန်ဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး၊ အကောက်ခွန်ဌာနမှ ဒဏ်ကြေးရိုက်ခြင်းနှင့် ပြည်သူပိုင်သိမ်းယူခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုလအတွင်း အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအချို့မှ တရားမဝင် ကုန်ပစ္စည်းနှင့် တင်ပြထားသော ကုန်ပစ္စည်းထက် ပို၍တန်ဖိုးကြီးသော ပစ္စည်းများ တင်သွင်းလာသည်ကို ပိုမိုဖမ်းဆီး ရမိလာကြောင်း သိရသည်။
“အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်ကဆိုရင် ဖုန်စုပ်စက် ၄၄ လုံးက တရားမဝင် တင်သွင်းလာတယ်။ နောက်ပြီး ၁၆ ရက်က ဖမ်းဆီးရမိတဲ့ ပရင်တာတွေဆိုလည်း တင်ပြထားတာက အသေးစားစက်ပေါ့။ ဒါပေမဲ့ တကယ်တမ်း သွင်းလာတာက စက်ကြီးတွေဖြစ်နေတယ်။ အခွန်နဲ့ပတ်သက်ပြီး နစ်နာတာတွေ အများစု ဖြစ်နေတာကြောင့် ဖမ်းဆီးမူတွေ ပြုလုပ်ခဲ့ပြီးတော့ အကောက်ခွန်ကိုလည်း ပို့ထားပြီးပါပြီ” ဟု ၎င်းကဆိုသည်။
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေဆိပ်များကို ဇူလိုင်လမှစတင်ကာ ပညာပေးကာလအနေဖြင့် ဝင်ရောက်စစ်ဆေးခဲ့ပြီး ဩဂုတ်လတွင်မူ အရေးယူဖမ်းဆီးမှု စတင်ပြုလုပ်ခဲ့သည်။
အောင်ရဲကို
EMG
Category: bcjpnob, News, လမ်းမိုင်း



