မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီသို့ လှူဒါန်းရန်ရည်ရွယ်၍ ဂီတ သံစဉ်များနှင့်အတူ အပြေးပြိုင်ရမည့် The Music Run ကျင်းပမည်

ဂီတသံစဉ်များနှင့် ပြေးပွဲကြီး (THE MUSIC RUN) နှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့ ကန်ရိပ်သာလမ်းရှိ အက်စကိတ် ဂတ်စထရိုဘားတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ)
ဂီတ သံစဉ်များနှင့်အတူ ပထမဆုံးအကြိမ် အပြေးပြိုင်ပွဲကျင်းပမည့် The Music Run အစီအစဉ်ကို နိုဝင်ဘာ၂၉ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ မွန်းလွဲ ၂ နာရီမှ ည ၇ နာရီခွဲအထိ ကျင်းပမည်ဟု ပွဲစီစဉ်သည့် ကမ္ဘာဇကုမ္ပဏီမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသက်ကိုကိုမျိုးက အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
၅ ကီလိုမီတာ အကွာအဝေးကို ဂီတသံစဉ်များကြား၌ သူငယ်ချင်းများနှင့်အတူ ပြေးခြင်း၊ လမ်းလျှောက်ခြင်းနှင့် ကခုန်ခြင်းတို့ဖြင့် ပျော်ရွှင်စွာ ဆင်နွှဲနိုင်မည်ဟု ဦးသက်ကိုကိုမျိုးကပြောသည်။
ယင်းအစီအစဉ်တွင် ပြေးလမ်းကြောင်း တစ်ကီလိုမီတာ ရောက်တိုင်း တေးဂီတသီချင်းများရှိသည့် ဇုန်တစ်ခုစီကို ထားရှိသွားမည် ဖြစ်ပြီး ရော့ခ်၊ ပေါ့ပ်၊ ရစ်ထရို၊ ပြည်တွင်းရှိ အကြိုက်နှစ်သက်ဆုံးသီချင်းများနှင့် ခေတ်ပေါ်ဂီမြူးဇစ်များ ရှိသည့် ဂီတမြူးဇစ်ဇုံတစ်ခု ထားရှိသွားမည်ဖြစ်သည်။
ထိုပွဲတွင် ပါဝင်သူများသည် ဂီမြူးဇစ်ဇုံတစ်ခုစီရောက်တိုင်း သီချင်း နားထောင်နိုင်မည် ဖြစ်ပြီး ဓာတ်ပုံရိုက်ခြင်း နှင့် ယင်းမြူးဇစ်ဇုံအတွင်း ထားရှိမည့် ဂီတပစ္စည်းများကို ဓာတ်ပုံများ ရိုက်ကူးပြီး အပန်းဖြေနိုင်မည် ဖြစ်သည်။
ပါဝင်သူတွေမှ မိမိ နှစ်သက်သည့် သီချင်းများကို အွန်လိုင်းမှ တစ်ဆင့် မဲပေးနိုင်ပြီး မဲအများဆုံးရရှိသည့် သီချင်းများကို ဖွင့်လှစ်ထားမည် ဟုလည်း သိရသည်။
၅ ကီလိုမီတာ အကွာအဝေး ပြီးစီးသွားပါက နောက်ဆုံးဇုန်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ Snare ၊ ယူရေနီရန် အကအဖွဲ့၊ DJ ထွန်းထွန်း (New York) တို့နှင့်အတူ After Run Festival ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်မည် ဖြစ်သည်။
အဆိုပါ ပွဲ၏ လက်မှတ်ရောင်းရငွေများကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီသို့ လှူဒါန်းသွားမည်ဖြစ်ပြီး ပါဝင်ချင်သူများသည် တစ်ဦးလျှင် ပြိုင်ပွဲဝင်ကြေး ၂၀,၀၀၀ ကျပ် သတ်မှတ်ထားသည်။
ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်အသုံးပြုသူများ ကိုတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ကုမ္ပဏီ၊ အဖွဲ့အစည်းများသည် ၁၀ ဦးနှင့်အထက် ဝယ်ယူပါက တစ်ဦးကို ငွေကျပ် ၁၅၀၀၀ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။
ပန်းမြတ်ဇော်
ရန်ကုန် (မဇ္ဈိမ)



