မန်းရွာ ၁၈ ရွာအတွက် မြစိမ်းရောင် ငါးမွေးမြူရေး စီမံကိန်း အကောင်အထည်ဖော်မည်

ငါးမွေးမြူရေး ကန်တစ်ကန်တွင် ငါးဖမ်းနေကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ကျပ်သိန်း ၅,၀၀၀ ကျော် ချေးငွေဖြင့် မန္တလေးတိုင်းအတွင်းရှိ ကျေးရွာ ၁၈ ရွာအတွက် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးအောင်က ပြောသည်။
ထိုသို့ စီမံကိန်းကို အကောင်အထည် ဖော်ရခြင်းသည် ငါးမွေးမြူထုတ်လုပ်မှု၊ သားငါးကဏ္ဍနှင့် တနိုင်တပိုင် ငါးမွေးမြူ ရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ဖော်ဆောင်ပေးခြင်း ဖြစ်သည်။
“ငါးလုပ်ငန်း လုပ်ကိုင်တဲ့ ကျေးရွာတွေကို ဦးစားပေး လုပ်ပေးသွားမှာ။ အရင်ဆုံး ကျေးရွာ ၁၈ ရွာကို အဓိကထားလုပ်ပေးမှာ ဖြစ်တယ်။ အရင်းမပျောက် ချေးငွေသဘောနဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ စီမံကိန်းအတွက် ဖေဖော်ဝါရီလမှ စတင်ကာ ကျေးရွာ ၁၈ ရွာ အတွက် ကျပ်သိန်း ၅,၄၀၀ ချေးငွေ ထုတ်ချေးသွားမည် ဖြစ်သည်။ ထိုသို့ ငွေချေးပေးရာတွင် အမှန်တကယ် အရင်းအနှီး လိုအပ်နေသည့် သူ များ၊ မွေးမြူရေး ဆောင်ရွက်နိုင်သူများ၊ အမှန်တကယ် လုပ်ဆောင်လိုစိတ် ရှိသည့်သူများကို ကော်မတီတစ် ရပ် ဖွဲ့စည်းပြီး အဓိကထား ရွေးချယ်ကာ ချေးငွေပေးအပ်သွားမည် ဖြစ်သည်။
“မြစိမ်းရောင် စီမံကိန်းအတွက် ရန်ပုံငွေထပ်ရလို့ ငါးမွေးမြူရေး လုပ်ကိုင်လိုသူတွေကို ချေးငွေထုတ်ပေးခြင်း ဖြစ်တယ်။ နောက်ပိုင်းမှာလည်း ရန်ပုံငွေရသလို ထပ်မံချထားပေးသွားမှာပါ” ဟု တိုင်းဦးစီးမှူးက ပြောသည်။
လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် မည်ဖြစ်ပြီး ကျေးရွာပေါင်း ၁,၁၅၀ ရွာတွင် ဆောင်ရွက်သွားမည် ဖြစ်သည်။
မျိုးသန့်
မန္တလေး (မဇ္ဈိမ)
Category: bcjpnoa, News, zaw tun, လမ်းမိုင်း, ဝေယံမင်း



