မထသ ယာဉ်များကို ဂျီပီအက်စ်အသုံးပြုပြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရန် ပြင်ဆင်နေ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မထသ ယာဉ်များကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကြီးကြပ်မှု အောက်ရှိ ယာဉ်များကို Global Positioning System (GPS) စနစ် အသုံးပြုပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရန် ပြင်ဆင်နေသည်ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။
၎င်းက “မထသကလည်း လူအသုံးပြု ပြီး လုပ်တယ်။ အရည်အသွေးစည်းကမ်း လိုက်နာမှုက ကန့်သတ်ချက်ရှိတယ်။ အခု စက်ကျတော့ အဂတိလိုက်စားတာ မရှိနိုင်တော့ဘူး” ဟု ဆိုသည်။
ယင်းစနစ်အတွက် ကုန်ကျမည့်ငွေကြေးနှင့် နည်းပညာအသုံးပြုမည့် အစီရင်ခံစာကို မထသသို့တင်ပြရန် ဆောင်ရွက်ပေးမည့်ကုမ္ပဏီ Logistics Network Professions ကိုအကြောင်းကြားထားပြီး တိုင်းဒေသ ကြီးအစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဟု ဦးလှအောင်က ဆိုသည်။
အဆိုပါ GPS စနစ်ကို အောင်သိဒ်္ဓိ ယာဉ်လိုင်း၊ ပါရမီယာဉ်လိုင်းများတွင် စမ်းသပ်အသုံးပြုခဲ့ပြီး အောင်မြင်ခဲ့ကာ တပ်ဆင်နိုင်မှု အခြေအနေများကို ဆက်လက်ဆွေးနွေးနေသည်ဟု ၎င်းက ပြောသည်။
မထသ ယာဉ်များကို “င”လိုင်စင်ရရှိပြီး သူများကသာ မောင်းနှင်ရန်ခွင့်ပြုသော်လည်း လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာမှု အားနည်းခြင်းကြောင့် ယင်းသို့ စောင့်ကြည့်သည့်စနစ်များဖြင့် ပြုလုပ်သွားလိုခြင်း ဖြစ်သည်။
Logistics Network Professions မှ တာဝန်ရှိသူ ဦးဟန်စိန်က “တပ်ဆင်ဖို့အတွက်ကို အင်တာနက်ကိုလည်း တယ်လီနော၊ အူရီးဒူးတို့နဲ့ သုံးမှာ အကုန်အကျနည်းမယ်၊ ဖုန်းနဲ့ ကိုယ့်ကားကို စောင့်ကြည့်နေနိုင်ပါပြီ” ဟု ဆိုသည်။
GPS စက် တပ်ဆင်ခအဖြစ် တပ်ဆင်သည့် ကားအရေအတွက် ပေါ်မူတည်ကာ ပမာဏကွဲပြားမှုများရှိပြီး ကုန်ကျစရိတ် အကြမ်းဖျင်းအားဖြင့် တစ်သိန်းကျော်နှင့် တစ်နေ့ အင်တာနက်အသုံးပြုခ ကျပ် ၅၀၀ ခန့် ကုန်ကျမည်ဟု ၎င်းက ပြောသည်။
ဟိန်းကိုစိုး
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, News, zaw tun, လမ်းမိုင်း, ဝေယံမင်း



