သီပေါ - နမ့်ဆန် - နမ္မတူသွား ကားလမ်း တိုးချဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သီပေါမြို့မှ နာမည်ကျော် လက်ဖက်ထွက်ရှိရာ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နဲ့ ဘော်တွင်းသတ္တုတွင်း တည်ရှိရာ နမ္မတူမြို့နယ်သို့ ဆက်သွယ်သွားလာရာ ကားလမ်းကို ချဲ့ထွင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဲဒီသီပေါနဲ့ နမ့်ဆန်၊ နမ္မတူကားလမ်းကို နှစ်ဖက်(၁၈)ပေလမ်း အကျယ်ချဲ့ခြင်း လုပ်ငန်းအတွက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းအထူးအဖွဲ့(၁)က တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ရာ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလဆန်းမှ စတင်၍ ကားလမ်းအကျယ် ချဲ့ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို သီပေါမြို့အထွက် တုံစင့်ကျေးရွာမှ စတင်ကာ (၆)ဖာလုံ ဆောင်ရွက် ပြီးစီးသွားပြီဟု သိရှိရသည်။
ဆက်လက်ပြီး သီပေါနဲ့နမ့်ဆန်၊ နမ္မတူကားလမ်းတစ်လျှောက် လိုအပ်သည့် နေရာတွေမှာလည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ လုပ်ငန်းခွင် တာဝန်ခံတစ်ဦးက ပြောကြားပါတယ်။
အဲဒီကားလမ်းဟာ သီပေါမြို့နယ်မှ (၉)မိုင် ကျော်ရှိ မိုးတေဒုဋ္ဌ၀တီ မြစ်ကူးတံတားကို ဖြတ်ကျော်ပြီး မိုင်(၅၀)ရှိ နမ္မတူမြို့သို့ လည်းကောင်း၊ သီပေါမှ(၁၇)မိုင်ရှိ ပန်လုံကျေးရွာလမ်းခွဲမှ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ လီလုချောင်းကူး တံတားအား ဖြတ်ကျော်ပြီး နမ့်ဆန်မြို့သို့ လည်းကောင်း အသုံးပြု သွားလာနေတဲ့ လမ်းဖြစ်တယ်လို့ သိရှိရပါတယ်။
SUN
Category: bcjpnoa, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း



