အပစ်ရပ်စဲရေးစာချုပ်ရရှိဖို့ UPWCဘက်မှ ရာနှုန်းပြည့်ပြီးဆုံးသော်လည်း NCCTဘက်မှအတည်ပြုချက်စောင့်ဆိုင်း

UPWC နဲ့ NCCT တို့ မတ်လ ၃ဝ ရက်နေ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းနေစဉ် Photo: Thiha Tun, Aung Ko Ko/RFA
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ကြိုးပမ်းနေကြတဲ့ အစိုးရအဖွဲ့ UPWC နဲ့ တိုင်းရင်း သားတွေရဲ့NCCT အဖွဲ့တို့ရဲ့ဆွေးနွေးပွဲ ဒီနေ့ ပြန်လည် စတင်ခဲ့ကြရာမှာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း မှာပါဝင်တဲ့ အချက်အားလုံးကို သဘောတူညီမှု ရရှိ ခဲ့ပါတယ်။
ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ ရာခိုင်နှုန်းပြည့်နီးပါး နီးစပ်နေပြီလို့ NCCT ဒုတိယခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောပါတယ်။
"သဘောတူတယ်ဆိုတာ အဲဒီ့စာတမ်းမှာပါဝင်တဲ့ အချက်လက်တွေ အားလုံးအပေါ်မှာ နှစ်ဖက်ညှိနှိုင်း ပြီးတော့မှ သဘောတူသွားပြီ၊ ဒီသဘောတူညီမှုက UPWC နဲ့ NCCT အဆင့်မှာ ဒါကတော့ ပထမ အဆင့်ပေါ့ဗျာ၊ ဒါပေမဲ့ အစိုးရဘက်က ပြောမယ် ဆိုရင်တော့ သူတို့က သူတို့ခေါင်းဆောင်တွေနဲ့ အမြဲတမ်းအဆက်အသွယ်ယူနေတော့ ဒါကတော့ သူတို့ဘက်က လုံးဝကိုအတည်လက်ခံနိုင်ပေမဲ့ အန်ကယ် တို့ဘက်က ဒီအချက်အလက်တွေကို ထိပ်သီးခေါင်းဆောင်တွေကို ပြန်တင်ပြရမယ်၊ ဟိုမှာအတည်ပြုချက်ပြန် ယူရမယ်"
နှစ်ဘက်ခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းထဲမှာ ပါဝင်တဲ့အချက်တွေကို မနက်ဖြန် အချောသတ်ဆွေးနွေးမှာဖြစ်ပြီး စာချုပ်မူကြမ်းကို သဘောတူ လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အသိသက်သေအဖြစ် တက်ရောက်မယ့်သူတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးကြမယ်လို့ သိရပါတယ်။
NCCT အဖွဲ့ဝင်တွေက ၇ ကြိမ်မြောက် ဆွေးနွေးပွဲကနေ ရရှိလာတဲ့သဘောတူညီချက်တွေကို သူတို့ရဲ့ထိပ်သီးခေါင်းဆောင်တွေထံတင်ပြပြီး အတည်ပြုချက်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက UPWC နဲ့ NCCT အဖွဲ့တို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒီနေ့ သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။
RFA
_____________________________________________________________________________________

သတ္တမအကြိမ် ၇ ရက်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၃၀ ရက်က ရန်ကုန်မြို့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန MPC တွင် ဆက်လက်ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် ရန်ကုန်မြို့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ကျင်းပလျက်ရှိသည့် သတ္တမအကြိမ် ၇ ရက်မြောက် ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရရွှေမန်းက သဝဏ်လွှာပေးပို့ခဲ့ကာ လွှတ်တော်သည် တိုင်းရင်းသားများ တန်းတူညီမျှသော အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်ရေး လွှတ်တော်များက ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပါရှိသည်။
အပစ်ရပ်ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးနေခြင်းဖြစ်ပြီး အပစ်ရပ်စာချုပ်ပါ အချက်များအနက်ကျန် ရှိနေသည့်အချက် လေးချက်ကို မတ်လ ၃၀ ရက်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက “၇ ကြိမ်မြောက်ဆွေးနွေးမှာ အဖွဲ့နှစ်ဖွဲ့ဟာ တစ်ဖွဲ့တည်းကဲ့သို့ ပူးပေါင်းဆွေးနွေးခဲ့လို့ ဒီလောက်များပြားတဲ့ အပစ်ရပ်စဲရေး အချက်တွေကို ဆွေးနွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့အချက်တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းဆွေးနွေးရင် အောင်မြင်စွာနဲ့ ကျော်လွားနိုင်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ပေးပို့သည့် သ၀ဏ်လွှာတွင် လွှတ်တော်များအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို အထောက်အကူပြုစေမည့် လုပ်ငန်းစဉ်များဖြစ်သော ဒီမိုကရေစီ စနစ်ကို ပိုမိုပီပြင်စွာ ဖြစ်ထွန်းပေါ်ပေါက်စေရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်ဟု ပါဝင်သည်။
NCCT ပထမခေါင်းဆောင် နိုင်ဟံသာက “ကျွန်တော်တို့ နားလည်မှုရရှိဖို့အတွက် တိုက်ပွဲတွေကို လျှော့ချဖို့လိုအပ်ပါတယ်။ တာဝန်ယူနေတဲ့ အချိန်ကာလမှာတစ်နိုင်ငံလုံးမှာ တိုက်ပွဲသံတွေ တည်ငြိမ်သွားပြီးတော့ နားလည်မှုရှိရှိနဲ့ လက်တွဲပြီးနိုင်ငံကို ထူထောင်သွားဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့ ဖက်ကလည်း အတက်နိုင်ဆုံးကြိုးစားမယ်။ အစိုးရ ခေါင်းဆောင်းကြီးတွေဖက်ကလလည်း ကြိုးစားပြီးတော့ နိုင်ငံတည်ငြိမ် တိုးတက်အေးချမ်းအောင်ကြိုးစားဖို့တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်( NCA) အတွက် ခုနစ် ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၁၇ ရက်တွင်
စတင်ဆွေးနွေးခဲ့ပြီး ခြောက်ရက်မြောက်အဖြစ် ဆွေးနွေးသည့် မတ်လ ၂၂ ရက် ခေတ္တ ရပ်ဆိုင်းခဲ့ပြီး မတ်လ ၃၀ ရက်တွင် ဆွေးနွေးပွဲ ဒုတိယပိုင်း ၇ ရက်မြောက်ဆွေးနွေးပွဲ ဆက်လက်ကျင်းပနေခြင်းဖြစ်သည်။
စတင်ဆွေးနွေးခဲ့ပြီး ခြောက်ရက်မြောက်အဖြစ် ဆွေးနွေးသည့် မတ်လ ၂၂ ရက် ခေတ္တ ရပ်ဆိုင်းခဲ့ပြီး မတ်လ ၃၀ ရက်တွင် ဆွေးနွေးပွဲ ဒုတိယပိုင်း ၇ ရက်မြောက်ဆွေးနွေးပွဲ ဆက်လက်ကျင်းပနေခြင်းဖြစ်သည်။
ယုဝေ
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း