လျှောက်ထားဆဲ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများကို ကြီးကြပ်မှုဗဟိုအဖွဲ့မှ စိစစ်ပြီး ဆက်လက်ဆောင်ရွက်မည်
ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားသည့် နေ့စဉ်သတင်းစာ သုံးစောင်၊ အပတ်စဉ် ဂျာနယ် ၁၂ စောင်နှင့် လစဉ်မဂ္ဂဇင်း တစ်စောင်ရှိပြီး ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများကြီးကြပ်မှု ဗဟိုအဖွဲ့အစည်းကို တင်ပြထားကာ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီလ ၇ရက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဖေဖော်ဝါရီ ၇ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်အထိ နေ့စဉ်သတင်းစာ သုံးစောင်၊ အပတ်စဉ် ဂျာနယ် ၁၂စောင်နှင့် လစဉ်မဂ္ဂဇင်း တစ်စောင်တို့အနက် ဦးကိုကို(စက်မှု)၏ ရန်ကုန်တိုင်း(မ်) နေ့စဉ်သတင်းစာကို Democracy Today အမည်ဖြင့် ပြောင်းလဲလျှောက်ထားခဲ့သည်ဟု ဆိုသည်။
လျှောက်ထားဆဲသတင်းစာများအနက် ထိုင်းနိုင်ငံအခြေစိုက် Nation Multi Media Co.,Ltd နှင့် Eleven Media Group Co.,Ltd တို့ ပူးပေါင်းတည်ထောင်ထားသည့် ELEVEN Nation Media က ပူးပေါင်းလျှောက်ထားသော အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေမည့် Myanmar Eleven နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားမှုမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်(ယာယီ)ဖြင့် လျှောက်ထားလာသည်ဟု ၎င်းက ပြောသည်။
“ဒီကုမ္ပဏီဟာ နိုင်ငံခြားကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းထောင်ထားတဲ့ အစုစပ်ပိုင် ကုမ္ပဏီဖြစ်လို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေနဲ့ အညီစဉ်းစားဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နဲ့ ဖြန့်ချိရေးလုပ်ငန်းများကြီးကြပ်မှုဗဟိုအဖွဲ့အနေနဲ့ လျှောက်ထားမှုနဲ့ ပတ်သတ်ပြီး ကုမ္ပဏီမှတ်ပုံတင်(ယာယီ)ဖြင့်သာ လျှောက်ထားခြင်းကို လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုပေးနိုင်ခြင်းရှိ၊ မရှိနဲ့ နည်းဥပဒေပုဒ်မ ၃၂ အရ ကော်မရှင်သို့ အဆိုပြုချက်တင်ပြ၍ခွင့်ပြုချက်ရယူပြီးမှ လျှောက်ထားရန် လို၊ မလိုပြန်ကြားပေးရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနကို သဘောထား မေးမြန်းညှိနှိုင်းထားဆဲဖြစ်တယ်"ဟု ညွန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးချုပ်တွင် ဖေဖော်ဝါရီ ၇ရက် နေ့လည် ၂နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းစာရှင်းလင်းပွဲသည် ပြန်ကြားရေးဝန်ကြီးဌာနက အပတ်စဉ် ကျင်းပပေးသည့် သတင်းစာရှင်းလင်းပွဲဖြစ်သည်။
Mizzima