IDA က မြန်မာနိုင်ငံတွင် လူတိုင်းဖုန်းသုံးစွဲနိုင်ရေးအတွက် ကန်ဒေါ်လာ ၃ဒသမ၅သန်း ကူညီရန်အတည်ပြု

hnm | 金曜日, 2月 07, 2014 |



မြန်မာနိုင်ငံ၏ တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအတွက် ကမ္ဘာာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(IDA)က အမေရိကန်ဒေါ်လာ ၃၁ဒသမ၅သန်း ကူညီသွားမည်ဟု ကမ္ဘာ့ဘဏ်အုပ်စု အမှုဆောင်ဒါရိုတ်တာ ဘုတ်အဖွဲ့က ဖေဖော်ဝါရီလ ၆ရက်တွင် အတည်ပြုလိုက်သည်ဟု ထိုနေ့ ရက်စွဲဖြင့် ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။


"မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ အင်တာနက်ကို အသုံးချနိုင်မှုဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အနိမ့်ဆုံး အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဈေးနှုန်းကြီးမြင့်ခြင်း၊ ဝန်ဆောင်မှု အားနည်းခြင်း စတဲ့ အခက်အခဲတွေရှိသလို အချို့နေရာတွေမှာဆို ဒီဝန်ဆောင်မှုတွေ လုံးဝမရှိတာကို တွေ့ရမှာပါ။ အခြေခံလူတန်းစားတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ပြည်သူတွေ ဒီအခက်အခဲကို အဓိက ခံစားနေကြရပါတယ်"ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွန်ကြားရေးမှူး Ulrich Zachauက ပြောသည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံကိန်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြုပြင်ပြောင်းလဲရေးအတွက် ကူညီရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု မရရှိသည့် ကျေးလက်ဒေသများအထိ ဖုန်းဆက်သွယ်သွယ်ရေး ရောက်ရှိနိုင်သည့် "လူတိုင်းအတွက် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်"ကို အကောင်အထည်ဖော်ရန် ကနဦး စပ်သပ်ဆောင်ရွက်မည်ဖြစ်သည်။

ထိုစီမံကိန်းသည် ကမ္ဘာ့ဘဏ်အုပ်စုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး eGovernment စနစ် ပေါ်လာရန် Myanmar National Partal တစ်ခုကိုလည်း တည်ဆောက်မည်ဖြစ်သည်။

လူတိုင်းအတွက် တယ်လီဖုန်း ဆက်သွယ်ရေး စနစ် အကောင်အထည် ဖော်နိုင်ရန် ကနဦးစမ်းသပ်ဆောင်ရွက်မည့် စီမံကိန်းနေရာကို သတ်မှတ်ပြီးပါက စီမံကိန်းကို အကောင်အထည်ဖော်မည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနသည် စီမံကိန်း ဆောင်ရွက်မှုများကို ဒေသခံများနှင့် အကြံဥာဏ်ရယူသည့် ဆွေးနွေးပွဲများကို ၂၀၁၄ခုနှစ်အတွင်း ဆောင်ရွက်မည်ဟု ကမ္ဘာ့ဘဏ်အုပ်စုက ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ ဆွေးနွေးပွဲများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက နှစ်ကြိမ်တိုင် ပြုလုပ်ပြီး ဖြစ်သည်ဟု ဆိုသည်။

Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ