3G ကွန်ရက်ရှိ အင်တာနက်မြန်နှုန်း 700 Kbps မှ 6 Mbps အထိ ရရှိနိုင်မည့် တယ်လီနောက ဆင်းမ်ကတ်များကို စက်တင်ဘာတွင် ရောင်းချမည်


တယ်လီနော၏ ရန်ကုန်မြို့ရှိ ဒေတာစင်တာကို တွေ့ရစဉ်
တယ်လီနောမြန်မာ အနေဖြင့် ဆင်းမ်ကတ်များကို ၂ဝ၁၄ စက်တင်ဘာတွင် ကျပ် ၁၅ဝဝ ဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး စိတ်ဝင်စားဖွယ် အရောင်းမြှင့်တင်မှု အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။
ဆင်းမ်ကတ်ဝယ်ယူရန်အတွက် ကြိုတင်စာရင်းပေးသွင်းမှု အစီအစဉ်များ ရှိမည်မဟုတ်ဘဲ ဆင်းမ်ကတ်ကို မိုဘိုင်းဖုန်းတွင် တပ်ဆင်လိုက်သည်နှင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိသူတိုင်း ဆင်းမ်ကတ်များကို လိုသလောက် ဝယ်ယူနိုင်မည် ဖြစ်သည်။
3G ကွန်ရက်တွင် အင်တာနက်မြန်နှုန်းသည် အသုံးပြုသူများသော အချိန်၌ 700 Kbps မှ 1 Mbps အထိ ရရှိနိုင်ပြီး အသုံးပြုသူ နည်းသောအချိန်တွင် 4 Mbps မှ 6 Mbps အထိ ရရှိနိုင်ကြောင်း သိရသည်။ 2G ကွန်ရက်တွင်မူ အသုံးပြုသူများသော အချိန်တွင် 100 Kbps မှ 150 Kbps အထိ ရရှိနိုင်ကြောင်း သိရသည်။ ဈေးကွက်တွင် LTE ပါဝင်သော မိုဘိုင်းဖုန်းအသုံးပြုမှု လုံလောက်စွာ ရှိလာသောအခါတွင် တယ်လီနောက 4G LTE ဝန်ဆောင်မှုများကို ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
တယ်လီနောအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးစခန်းပေါင်း ၈ဝဝဝ ထားရှိသွားမည်ဖြစ်ပြီး ပထမဆုံးသော ဆက်သွယ်ရေးစခန်း ၁ဝဝဝ ကို တည်ဆောက်ရာတွင် ကြီးမားသော စိန်ခေါ်မှုများ ရှိနေကြောင်း သိရသည်။ ဆက်သွယ်ရေးစခန်းပေါင်း ၁ဝဝဝ ကို တည်ဆောက်ပြီးသည့်အခါ တစ်လလျှင် ဆက်သွယ်ရေးစခန်းပေါင်း ၃ဝဝ မှ ၄ဝဝ အထိ တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မိုဘိုင်းဖုန်းအင်တာနက် မြန်နှုန်းမှာ 3G ကွန်ရက်တွင် တစ်ခါတစ်ရံ၌ 1Mbps အထက် ရရှိတတ်သော်လည်း ပုံမှန်အားဖြင့် 100 Kbps အောက်သို့ ကျဆင်းနေတတ်ကြောင်း သိရသည်။ အင်တာနက် လုံးဝတက်မလာခြင်းများနှင့်လည်း ကြုံတွေ့ရတတ်ကြောင်း သုံးစွဲသူများထံမှ သိရသည်။
တယ်လီနောအနေဖြင့် ဆင်းမ်ကတ်အရောင်းဌာန ၂ဝဝ၊ လက်ခွဲ အရောင်းဆိုင်ပေါင်း တစ်သိန်းခန့်အား တိုက်ရိုက်ကွပ်ကဲကာ ရောင်းချပေးသွားမည်ဖြစ်သည်။
နေမျိုးထွန်း
EMG