ဆရာဝန်များအား စာမေးပွဲစစ်ပြီးမှ အလုပ်ခန့်မည်

hnm | 木曜日, 6月 05, 2014 |



ဆရာဝန်ဘွဲ့ရ သူတွေကို အရည်အချင်းစစ် စာမေးပွဲ စစ်ပြီးမှ အလုပ်ခန့်တဲ့ အစီအစဉ်ကို ဆက်လက် ကျင့် သုံး မယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင် က ပြောကြားလိုက်ပါတယ်။

ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာသန်းအောင်က ဒီနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းရဲ့ အမေးကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဖေသန်းက ဆရာဝန်ဘွဲ့ရထားပြီးသူတွေကို အရည်အချင်းစစ်စာမေးပွဲနဲ့ ရွေးချယ်ခန့်အပ်ခြင်းမျိုး မလုပ်ဘဲ ဘွဲ့ရအမှတ်စဉ်အလိုက် အလုပ်ခန့်ပေးနိုင်မလားလို့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဆရာဝန်အလုပ်ခန့်အပ်မှုကို ရာထူးဝန်အဖွဲ့ကသာ ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်မဟုတ်ဘူးလို့ ဒေါက်တာသန်းအောင်က ပြောပါတယ်။

မေးခွန်းရှင်မြေပုံအမတ် ဦးဖေသန်းက သူမေးခွန်းထုတ်ရတဲ့ အကြောင်းအရင်းကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ နိုင်ငံမှာ တကယ်တမ်း ၁၀ တန်းကို ဂုဏ်ထူးနဲ့ အောင်မြင်ပြီးတော့ ဆေးတက္ကသိုလ်မှာ လည်း ၆ နှစ် ၇ နှစ် လက်တွေ့ စာတွေ့ သင်ခဲ့ကြတယ်။ ဘွဲ့ရလာတော့ အလုပ်က အဆင်သင့် မဖြစ်သေးဘူး။ အလုပ်က အဆင်သင့်မဖြစ်သေးတော့ စာမေးပွဲလည်း စာဖြေ နှုတ်ဖြေ ပြန်ပြီး အစစ်ခံရတယ်။ အဲဒီမှာ ဆရာဝန်လောင်းတွေ ထောင်ဂဏန်းလောက် ဖြေမှ ရာဂဏန်းလောက်ပဲ ခန့်နိုင်တယ်။ အဲဒီမှာ နှစ်ကြီး ဆရာဝန်တွေ ၂ နှစ် ၃ နှစ် ၄ နှစ်လောက် ဘွဲ့ရပြီးတာကြာပြီ ဒါပေမယ့် အဲဒီလူတွေက အလုပ်မရကြဘူး။ အဲဒီလို အခြေအနေတွေ ဘာကြောင့် ဖြစ်ရလဲ။ ဆရာဝန်လိုအပ်ချက်လည်း အများကြီး ရှိနေတယ်။ အဲဒါ ဘာလို့ မခန့်တာလဲ နိုင်ငံတော်က ဘတ်ဂျက်တွေ အများကြီး ချပေးပြီးတော့။ အဲဒီလို ဆရာဝန်လောင်းတွေ နစ်နာတွေတာတွေ ပြောတာပါ။”

လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံအရ ဆရာဝန် ၂၅၀၀ ကျော် ခန့်ထားပေးဖို့ ကျန်ရှိနေပြီး ရာထူးဝန်အဖွဲ့နဲ့ ညှိနှိုင်းပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေး ဒုဝန်ကြီးက ဖြေကြားခဲ့တယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးတက္ကသိုလ်တွေကနေ နှစ်စဉ် ဆရာဝန်လောင်းတွေ ထောင်နဲ့ချီ ထွက်ရှိနေပြီး အလုပ်မရှိတဲ့ ဆရာဝန်လောင်းပေါင်း သောင်းနဲ့ချီ ရှိနေပါတယ်။

မြို့နယ်တွေမှာ ဆရာဝန်လိုအပ်ချက်တွေ ရှိနေပေမယ့် ၀န်ကြီးဌာနအနေနဲ့ လုံလောက်အောင် အလုပ်ခန့်မပေးနိုင်ဘူး ဖြစ်နေတာပါ။

 By ရွှေအောင် (ဒီဗွီဘီ)
Myanmar News Now

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ