အမေရိကန် APR ကုမ္ပဏီက မြန်မာ-တရုတ် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသည့် ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည့် စီမံကိန်းမှ မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား ၄ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်မည်

အမေရိကန်အစိုးရ၏ တိုက်တွန်းချက်ဖြင့် အမေရိကန်နိုင်ငံ အခြေစိုက် APR Energy က ကျောက်ဆည်စက်မှုဇုန်တွင် လုပ်ကိုင်သည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ APR Energy နှင့် ယင်းနှင့် အကျိုးတူလုပ်ဆောင်သည့် မြန်မာနိုင်ငံ အခြေစိုက် Supreme Group of Companies များထံမှ သတင်းရရှိသည်။
အဆိုပါ စီမံကိန်းအတွက် APR Energy မှ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်မည့် ဓာတ်ငွေ့အင်ဂျင်စက်ပေါင်း ၈၂ လုံးအား တပ်ဆင်ခဲ့သည်။ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် ပမာဏမှာ ၁ဝ၃ မဂ္ဂါဝပ်ဖြစ်သည်။ ထွက်ရှိမည့် ဓာတ်အားပမာဏမှ ၁၅ ရာခိုင်နှုန်းအား ကျောက်ဆည်စက်မှုဇုန်သို့ ပေးအပ်မည်ဖြစ်ပြီး ကျန်ရှိနေသော လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် နိုင်ငံတစ်ဝန်းသို့ ဖြန့်ပေးမည်ဖြစ်ကြောင်း မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ရေနွေးငွေ့နှင့် ဓာတ်ငွေ့စက်ရုံများဌာန၊ အင်ဂျင်နီယာချုပ် ဦးဝင်းမြင့်က ဆိုသည်။ အဆိုပါ ထုတ်ယူမည့် လျှပ်စစ်ဓာတ်အား ပမာဏသည် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ထုတ်ယူသည့် စွမ်းအားများ၏ ၁ဝ ရာခိုင်နှုန်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သည့် စွမ်းအင်ထုတ် စီမံကိန်းများ၏ ၄ ရာခိုင်နှုန်းအထိ ဖြစ်ကြောင်းလည်း သိရသည်။
“အခုလောလောဆယ် ဓာတ်အားလိုအပ်ချက်အရ ဒီစီမံကိန်းကို လုပ်ခဲ့တာပါ။ အများပြည်သူသုံးစွဲမှု မြင့်လာတာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း တိုးတက်လာတော့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က မြင့်တက်လာပါတယ်။ ဒီနွေရာသီမှာလည်း ဒီလိုလုပ်ကိုင်နိုင်ခဲ့တော့ မီးပြတ်တယ်ဆိုတာ မရှိခဲ့ဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။
အဆိုပါ သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်ယူမည့် စီမံကိန်းမှာ တစ်နှစ်ခွဲသာ ကြာမြင့်မည့် စီမံကိန်းဖြစ်သည်။ စီမံကိန်းအတွက် APR Energy မှ အမေရိကန်ဒေါ်လာ သန်း ၈ဝ မှ သန်း ၁ဝဝ အကြား အကုန်အကျခံ လုပ်ဆောင်ခဲ့သည်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ခန့်မှန်းကုန်ကျစရိတ်အရ မြန်မာကျပ်ငွေ ၇၁၄ သန်းကျော် ကုန်ကျစရိတ် ဖြစ်ပေါ်ခဲ့ပြီး အမေရိကန်ကုမ္ပဏီသို့ ၁၈ လကြာ စက်များ ငှားရမ်းတပ်ဆင်ခအဖြစ် အမေရိကန်ဒေါ်လာ သန်း ၃ဝ ခန့်သာ ပြန်လည်ရရှိမည် ဖြစ်သည်။
အဆိုပါ ကုန်ကျငွေအား အချိုးချ တွက်ချက်ကြည့်မည် ဆိုပါက တစ်ယူနစ်လျှင် မြန်မာကျပ်ငွေ ၃၃ ကျပ်ခန့် (အမေရိကန်ဒေါ်လာ ဝ.ဝ၃၄ Cent ) ကျသင့်မည်ဖြစ်ပြီး နိုင်ငံတကာ စံနှုန်းအရ မများပြားသည့် နှုန်းထားဖြစ်နေကြောင်းနှင့် ကမ္ဘာပေါ်တွင် အသက်သာဆုံး နှုန်းထားဖြစ်ပြီး အမေရိကန်အစိုးရ၏ ပံ့ပိုးမှုကြောင့်သာ လုပ်ကိုင်နိုင်ခဲ့ကြောင်း APR Energy ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ Mr.Clive Turton ကဆိုသည်။
အမေရိကန် ကုမ္ပဏီတစ်ခုက ပထမဆုံး တည်ဆောက်ခဲ့သည့် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၈၂ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အချိန်တိုအတွင်းဖြစ်သည့် သုံးလတာ ကာလအတွင်း စတင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် စီမံကိန်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အင်ဂျင်နီယာချုပ် ဦးဝင်းမြင့်က ဆိုသည်။
“APR Energy အနေနဲ့ မြန်မာနိုင်ငံကို စိတ်ဝင်စားတာ တစ်နှစ်ကျော်ပါပြီ။ ဒီစီမံကိန်းအတွက် တင်ဒါအောင်မြင်ပြီးစ အချိန်ကစပြီး လိုအပ်တဲ့ပစ္စည်းတွေ အမြန်ဆုံး တင်သွင်းပြီး အမြန်ဆုံး တည်ဆောက်ခဲ့တာပါ။ ကျသင့်တဲ့ နှုန်းထားကလည်း ကာလတိုအတွင်းမှာ ဒီလောက်နှုန်းထားနဲ့ လုပ်ပေးလို့ နိုင်ငံတကာ လုပ်ငန်းအသိုင်းအဝိုင်းမှာတောင် အံ့အားသင့်ခဲ့ကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အမေရိကန်အစိုးရရဲ့ တိုက်တွန်းချက်ကြောင့်သာ ဒီစီမံကိန်းကို ဒီလောက်နှုန်းထားနဲ့ လုပ်နိုင်ခဲ့တာပါ” Mr. Clive Turton က ပြောကြားသည်။
အဆိုပါ စီမံကိန်းအတွက် တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် မြန်မာ-တရုတ် ရေနံပိုက်လိုင်းမှ တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ သန်း ၂ဝ ရရှိခဲ့ကြောင်း APR Energy နှင့် မြန်မာနိုင်ငံတွင်း တွဲဖက်လုပ်ကိုင်နေသည့် Supreme Group of Companies မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်နိုင်သိန်းက ဆိုသည်။ APR Energy မှ တည်ဆောက်မှု ကုန်ကျစရိတ်အရ လျှပ်စစ်ဓာတ်အား တစ်ယူနစ်အတွက် ၃၃ ကျပ်ခန့်ဖြင့် ကာလတိုအတွင်း တည်ဆောက်မည့် စီမံကိန်းမှာ APR Energy က အရှုံးခံ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်အစိုးရ၏ တိုက်တွန်းချက် မပါဝင်ပါက ယခုစီမံကိန်းမှာ လုပ်ကိုင်နိုင်ဖွယ် မရှိကြောင်း ဦးဇော်နိုင်သိန်းက ဆက်လက်ပြောကြားသည်။
တရုတ်ရေနံပိုက်လိုင်းမှ အမေရိကန်ကုမ္ပဏီက ဝင်ရောက်လုပ်ကိုင်ခြင်းမှာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ မြန်မာနိုင်ငံ အချိုးကျရရှိသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးနှင့် ဆက်နွှယ်ဖွယ်မရှိနိုင်ကြောင်း ဦးဇော်နိုင်သိန်းက ဆက်လက်ပြောကြားသည်။
ဖြိုးဝေ
EMG