ခွင့်ပြုချက်မဲ့နှင့် စည်းကမ်းမဲ့ အဆောက်အအုံ ဆောက်လုပ်မှုများ ဆောက်လုပ်သည့် မြေရှင်၊ ကန်ထရိုက်၊ အင်ဂျင်နီယာများကို အရေးယူမည်

သင်္ဃန်းကျွန်းမြို့နယ်ရှိ ခွင့်ပြုသည့် အထပ်ပမာဏထက် ပိုမိုဆောက်လုပ်၍ ပြန်လည်ဖြိုဖျက်ခဲ့ရသော တိုက်တစ်လုံးအား တွေ့ရစဉ်
ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့အဆောက်အအုံနှင့် စည်းကမ်းမဲ့အဆောက်အအုံ ဆောက်လုပ်မှုများ ပိုများလာ၍ ယင်းအဆောက်အအုံများ ဆောက်လုပ်သည့် သက်ဆိုင်ရာ မြေရှင်၊ လိုင်စင်ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာနှင့် ကန်ထရိုက်လိုင်စင် မရှိသော အဆောက်အအုံ ဆောက်လုပ်သူများအား တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာန၏ ကြေညာချက်အရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရန်ကုန်မြို့တော်တွင်း အဆောက်အအုံ ဆောက်လုပ်ခွင့်များ လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးအတွက် ဆောက်လုပ်ခွင့်လျှောက်ထား လာမှုများအား သတ်မှတ်ထားသည့် စာရွက်စာတမ်း၊ အထောက်အထား လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြေလျှော့၍ ဆောင်ရွက်ပေးနေကြောင်း၊ ၂၀၁၂ ခုနှစ်မှစတင်၍ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုများရှိလာ၍ ခွင့်ပြုချက်မရှိသော အဆောက်အအုံများ မဆောက်လုပ်ရန် အသိပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သို့သော်လည်း ခွင့်ပြုချက်မရှိသော အဆောက်အအုံ ဆောက်လုပ်မှုများမှာ လျော့နည်းသွားခြင်းမရှိဘဲ ပို၍များလာသည့်အတွက် ဥပဒေနှင့်အညီ အရေးယူမည်ဟု ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်စသည့် မြို့နယ်များတွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်များ ဆောက်လုပ်မှု များပြားနေပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ဆောက်လုပ်မှု အများဆုံးဖြစ်ကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်၍ စည်ပင်က တရားစွဲဆိုထားသော ကန်ထရိုက်တိုက် ၅၀၀ ကျော်ရှိနေပြီး ဆောက်လုပ်သည့် ကန်ထရိုက်များမှာလည်း စည်ပင်တွင်ခွင့်ပြုချက် ရယူထားခြင်းမရှိသော လိုင်စင်မဲ့ ကန်ထရိုက်တာများ ဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ထိုသို့ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှု များပြားလာခြင်းကြောင့် စည်ပင်ကကန်ထရိုက်အပြင် ယင်းအဆောက်အအုံကို အားပေးကူညီ ဆောက်လုပ်နေသူများကိုပါ အရေးယူရန် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေတွင် ထည့်သွင်ရေးဆွဲထားရာ နည်းဥပဒေထွက်လာပါက စတင်အသက်ဝင်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် တစ်နှစ်လျှင် အဆောက်အအုံ အရေအတွက်၂၀၀၀ ကျော် မှ ၄၀၀၀ အကြား ဆောက်လုပ်လျက်ရှိနေကြောင်း သိရသည်။
EMG
Category: bcjpnoa, bcjpnob, News, winnaingoo