မန္တလေးသို့ ပြည်ပခရီးသည်ဝင်ရောက်မှု ၂၀၁၄ ခုနှစ် ပထမလေးလပတ်အတွင်း ယမန်နှစ်ကာလတူထက် ၁၂ ရာခိုင်နှုန်း တိုးတက်

hnm | 木曜日, 6月 05, 2014 |


ခရီးသွားများ လာရောက်လည်ပတ်မှုများသော မန္တလေးနန်းတွင်း တစ်နေရာအား တွေ့ရစဉ်


မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုမြင့်မားသည့် မန္တလေးမြို့သို့ ပြည်ပခရီးသည် ၀င်ရောက်မှုမှာ ၂၀၁၄ ခုနှစ် ပထမ လေးလပတ်အတွင်းတွင် ယမန်နှစ် ကာလတူထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာပြီး ခရီးသည်ရှစ်သောင်းကျော် ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီးက မေ ၂၉ ရက် နံနက်ပိုင်းတွင် မန္တလေးဟိုတယ်ဇုန်မှ လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ခရီးသွား ဧည့်လမ်းညွှန်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်က မန္တလေးသို့ ခရီးသွားဝင်ရောက်မှုမှာ နှစ်သိန်းကျော်ရှိခဲ့ပြီး ယခုနှစ် လေးလပတ်တွင် ယမန်နှစ်ထက် ခရီးသည်ဝင်ရောက်မှု တိုးတက်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မန္တလေးသို့ နိုင်ငံတကာလေကြောင်းလိုင်း ငါးလိုင်း တိုက်ရိုက်ဆင်းသက်နေပြီး ဇွန်လအတွင်းတွင်လည်း စင်ကာပူလေကြောင်းလိုင်း တိုက်ရိုက်ဆင်းသက်မှာဖြစ်ကြောင်း ၀န်ကြီးက ပြောကြားခဲ့သည်။


ပြည်ပခရီးသည် ၀င်ရောက်မှုမှာ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်စဉ်တိုးတက်လျက်ရှိပြီး ခရီးသွား ဧည့်သည်များအတွက် ဟိုတယ်အခန်း လိုအပ်ချက်မှာလည်း ဆက်လက်မြင့်မားလျက်ရှိ . . . . .
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ပြည်ပဧည့်သည်များ စိတ်ဝင်စား သွားရောက်လည်ပတ်သော နေရာများတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးနန်းစိုက်မြို့ မန္တလေးသည်လည်း အပါအ၀င်ဖြစ်သည်။ မန္တလေးမြို့မှတစ်ဆင့် ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်သို့ သွားရောက်လည်ပတ်လေ့ ရှိသည်။

မန္တလေးနှင့် ဆက်စပ်လည်ပတ်လေ့ရှိသည့် ပြင်ဦးလွင်မြို့သို့ ပြည်ပခရီးသွားဧည့်သည်များ လာရောက်ရာတွင် နေ့ချင်းပြန် ခရီးသွားများသာ များသဖြင့် ရက်ရှည်လာရောက် လည်ပတ်စေရန် ပြင်ဦးလွင်မြို့နှင့် အနီးတွင် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရန် ၀န်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသည် ၀င်ရောက်မှုမှာ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်စဉ်တိုးတက်လျက်ရှိပြီး ခရီးသွား ဧည့်သည်များအတွက် ဟိုတယ်အခန်း လိုအပ်ချက်မှာလည်း ဆက်လက်မြင့်မားလျက် ရှိသည်။ ထို့အတူ မြန်မာနိုင်ငံရှိ ဟိုတယ်အခန်းခများမှာလည်း ဒေသတွင်းနိုင်ငံများထက် များစွာမြင့်မားလျက်ရှိကြောင်း ပြည်ပခရီးသွား အသိုင်းအ၀ိုင်းမှ သိရသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့ခရီးသွားလုပ်ငန်းမှ တိုင်းပြည်ဝင်ငွေ ဒေါ်လာသန်း ၉၄၀ ရှိခဲ့ပြီး ၎င်းတို့၏ ၈၅ ရာခိုင်နှုန်းမှာ ပြည်သူအတွင်းသို့ စီးဝင်သွားခဲ့သလို ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ပေါင်းများစွာ ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။


နွဲ့ယဉ်အေး
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ