တစ်လအတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံက မြန်မာနိုင်ငံ၏ ဟိုတယ်ခရီး၊ ဆက်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ဒေါ်လာ ၂၅၉ သန်းကျော် ထပ်မံမြှုပ်နှံရန် ခွင့်ပြုချက်ရယူ

hnm | 木曜日, 6月 05, 2014 |


ဗီယက်နမ်နိုင်ငံမှ ဟိုတယ်အပါအ၀င် အခြားအဆောက်အအုံများ တည်ဆောက်ရန် ခွင့်ပြုချက်ရယူထားသည့် စီမံကိန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)


တစ်လအတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံမှ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ဒေါ်လာ ၂၅၉ သန်းကျော် ထပ်မံမြှုပ်နှံရန် ခွင့်ပြုချက် ရယူထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တစ်လအတွင်းဟု ဆိုရာ၌ ယခုဘဏ္ဍာနှစ် အစဖြစ်သည့် ဧပြီလအတွင်း တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ဗြိတိန်၊ ကိုရီးယား၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ ဘရူနိုင်း၊ ဆွီဒင်နှင့် Samoa နိုင်ငံတို့က မြှုပ်နှံရန်ခွင့်ပြုချက် ရယူထားကြခြင်းဖြစ်ကြောင်း သိရသည်။

မြှုပ်နှံငွေအားဖြင့်မူ စင်ကာပူနိုင်ငံက ဒေါ်လာ ၁၉၈ သန်းကျော်ဖြင့် အများဆုံးဝင်ရောက် မြှုပ်နှံခွင့်ရယူထားခြင်းဖြစ်ပြီး တရုတ်က ဒေါ်လာ ၁၂ သန်းကျော်၊ ဟောင်ကောင်က ဒေါ်လာကိုးသန်းကျော်၊ ဗြိတိန်က ဒေါ်လာကိုးသန်းကျော်၊ ကိုရီးယားက ဒေါ်လာလေးသန်းကျော်၊ မလေးရှားက ဒေါ်လာသုံးသန်းကျော်၊ ဂျပန်က ဒေါ်လာတစ်သန်းကျော်၊ အိန္ဒိယက ဒေါ်လာကိုးသိန်းကျော်၊ ဘရူနိုင်းက ဒေါ်လာနှစ်သန်းကျော်၊ ဆွီဒင်က ဒေါ်လာ ၁၄ သန်းကျော်နှင့် Samoa နိုင်ငံက ဒေါ်လာသုံးသန်းကျော် အသီးသီး မြှုပ်နှံခွင့်ရယူ ထားကြခြင်းဖြစ်သည်။

ဝင်ရောက်မြှုပ်နှံကြရာတွင် လုပ်ငန်းအရေအတွက်ပေါင်း ၂၂ ခုအထိရှိပြီး ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတို့တွင် မြှုပ်နှံငွေတိုးတက် ၀င်ရောက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့်လည်း ဧပြီလအတွင်း ကော်မရှင်အစည်းအဝေး နှစ်ကြိမ်ပြုလုပ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်းခြောက်ခုကို ခွင့်ပြုမိန့်ချထားပေးခဲ့ကြောင်း သိရသည်။

ခွင့်ပြုချက်ရ လုပ်ငန်းများမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်တွင် လက်ခစားစနစ်ဖြင့် သတို့သမီးဝတ်စုံ၊ ဇာထိုးပန်းထိုးနှင့် အ၀တ်အထည် အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းကို ဟောင်ကောင်ကုမ္ပဏီ တစ်ခုအားလည်းကောင်း၊ တောင်ဒဂုံစက်မှုဇုန်တွင် လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းကို ကိုရီးယားကုမ္ပဏီ တစ်ခုအားလည်းကောင်း၊ ၀ါးတစ်ရာစက်မှုဇုန်တွင် နှမ်းဆီနှင့် နှမ်းစေ့မှုန့် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ကိုရီးယား-မြန်မာ ဖက်စပ်လုပ်ငန်း အဖြစ်လည်းကောင်း၊ လှိုင်မြို့နယ်တွင် ကြယ်သုံးပွင့်အဆင့် ဟိုတယ်တည်ဆောက်ခြင်း လုပ်ငန်းကို စင်ကာပူကုမ္ပဏီ တစ်ခုအားလည်းကောင်း၊ တရုတ်-စင်ကာပူ ကုမ္ပဏီတို့ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းတွင် လိုင်စင်ရ အော်ပရေတာများ၏ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ပဲခူးတွင် မြန်မာ-ကိုရီးယား ဖက်စပ်နိုင်ငံခြား မြှုပ်နှံမှုဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်းများကိုလည်းကောင်း ခွင့်ပြုပေးခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ခွင့်ပြုချက်ရယူထားသည့် ပြည်ပနိုင်ငံပေါင်း ၃၆ နိုင်ငံအထိရှိပြီး စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံငွေမှာ ဒေါ်လာ ၄၆ ဘီလျံကျော် အထိရှိကြောင်း သိရသည်။


ချမ်းမြေ့သူ
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ