ဦးသိန်းစိန် ဒုတိယအကြိမ် သမ္မတ သက်တမ်း ထမ်းဆောင်ရန် စဉ်းစားမည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒုတိယအကြိမ် သမ္မတ သက်တမ်းကို ဆက်လက် တာဝန် ထမ်းဆောင်ရန် စဉ်းစားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးရဲထွဋ် က The Messenger သတင်းစာ သို့ ပြောသည်။ ဆက်ပြီး တာဝန်ထမ်းဆောင်ခြင်း မထမ်းဆောင်ခြင်းနဲ့ ပတ်သက်လို့ ကတော့၊ ဆန္ဒအရ ပြောရင်သူရဲ့ ကျန်းမာရေးအရ အသက် အရွယ်အရ ဆက်လုပ်ဖို့ ဆန္ဒမရှိဘူးလို့ အရင်တုန်းက ပြောခဲ့တာပေါ့။ ဘာပဲ ပြောပြော အခြေအနေ တွေအရ၊ တိုင်းရင်းသား တွေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအရ ဆိုရင်တော့ အချိန်တန်ရင် စဉ်းစား ရမှာပေါ့ ဟု ဦးရဲထွဋ် က ဆိုသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ကရင် အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖော အပါအ၀င် KNU ဗဟို ကော်မတီဝင်များ သည် မေလ (၄) ရက်နေ့က သမ္မတ လယ်တောအိမ်တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ဒုတိယ အကြိမ် သမ္မတ သက်တမ်း ဆက် လက် တာဝန် ထမ်းဆောင်ပေးရန် ကရင်အမျိုးသား အစည်းအရုံး မှ တောင်းဆိုခဲ့သည်။
၎င်း တောင်းဆိုမှုသည် အစိုးရ အဖွဲ့နှင့် ငြိမ်းချမ်းရေး ပါဝင် ဆွေးနွေးနေသော လက်နက်ကိုင် တိုင်းရင်းသား ညီနောင် အဖွဲ့အစည်း တစ်ခု အကြား သမ္မတ ခေါင်းဆောင်မှုနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အပေါ် ယုံကြည်မှုကို ပြသခဲ့ သောကြောင့် နိုင်ငံတော် သမ္မတက ၀မ်းသာ၍ ကျေးဇူးတင် စကားဆိုကြောင်းလည်း ဦးရဲထွဋ် က ပြောသည်။
သမ္မတအနေနဲ့ ဒုတိယအကြိမ် ၀င်ရောက် ရွေးချယ်ခံဖို့ အခြေအနေ ရှိတယ်လို့ပဲ ကျွန်တော်တို့ သုံးသပ် ရပါတယ်။ ဒီမိုကရေစီ နိုင်ငံမှာ ရွေးကောက်ပွဲ ပြန်လည် ယှဉ်ပြိုင်ခွင့် ရှိတာပဲလေ၊ ဆက်လက်ပြီး လုပ်ဆောင်နိုင်မယ်၊ တိုင်းပြည် အတွက်လည်း စေတနာ ရှိမယ် ဆိုရင် ရွေးကောက်ခံဖို့ စဉ်းစား မှာပါ။ အခြားသော ဒီမိုကရေစီ အင်အားစုတွေ ကလည်း ရွေးကောက်ခံ မယ်လေ၊ ပြည်သူရဲ့ အဆုံးအဖြတ်သာ အဓိကပါ ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုဌေးကြွယ် က The Messenger သတင်းစာသို့ ပြောသည်။
တေဇာဘုန်းမြင့်
The Messenger
Myanmar News Now